AA အလိုမရှိကြောင်း ဆန္ဒပြဖို့ ရိုဟင်ဂျာတွေအဓမ္မစေခိုင်းခံနေရ

မတ် ၂၃

ရက္ခိုင့်တပ်တော်(AA)က မြို့တွေတခုပြီးတခု သိမ်း ပိုက်နေတဲ့ရခိုင်ပြည်နယ်မှာ AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြဖို့ စစ်ကောင်စီက ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စည်းရုံး၊ စေခိုင်းကာ ပဋိပက္ခတွေ ဖန်တီးနေတယ်လို့ ကာယကံရှင်ရိုဟင်ဂျာတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို “AA အလိုမရှိ” ၊ “တိုက်ပွဲအလိုမရှိ” စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခိုင်းနေတာဖြစ်ပြီး ပြည်နယ်မြို့တော် စစ်တွေမှာလည်း ဆန္ဒပြပွဲတခု ထပ်မံစီစဉ်နေတယ်လို့ ဆိုပါတယ်။

“မနက်ဖြန် ပြရမယ်ပြောတယ်၊ တအိမ်တယောက်ကျ မဖြစ်မနေလာရမယ်တဲ့၊ စစ်တွေက မူဆလင်ရွာတိုင်း၊ စခန်းတိုင်းကို လာခေါ်တာ၊ အကုန်လုံးကို စကစကပဲ စီစဉ်တာ၊ ဆန္ဒပြမယ့်နေ့ကျရင် ကားနဲ့ လာယူမယ်ထင်တယ်၊ မြို့ထဲမှာ ပြမလား၊ ဘယ်မှာ ပြမလဲတော့ မသိသေးဘူး”လို့ စစ်တွေမြို့နယ်အုန်း တောကြီးရိုဟင်ဂျာရွာဒေသခံရွာသားတဦးက DNA ကို ပြောပါတယ်။

စစ်ကော်စီတပ်အရာရှိတွေ၊ စစ်ကောင်စီလက် အောက်ခံ အရပ်ဝတ် အုပ်ချုပ်ရေးအဖွဲ့တွေအပါအ ဝင် လူတဆယ်ကျော်ပါတဲ့အဖွဲ့က မတ်လ ၂၀ ရက်မှာ အုန်းတောကြီးရိုဟင်ဂျာရွာကို ရောက်လာပြီး ဆန္ဒပြပွဲကို လာကြဖို့ ဖိအားပေးခါ်ယူခဲ့တာလို့ ဆိုပါတယ်။ 

အဲဒီလိုလာခေါ်သူတွေထဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်ရှိသူတဦး ပါဝင်ပြီး ဘယ်တပ်ရင်း၊ တပ်ဖွဲ့ကဖြစ်တယ်ဆိုတာကိုတော့ တိတိကျကျမသိဘူးလို့ ရွာသားတွေက ပြောပါတယ်။

“AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိ ပြရမယ်ပြောတယ်၊ ကျွန်တော်တို့ကတော့ AA အလိုမရှိလို့တော့ မပြနိုင်ဘူး၊ ကျွန်တော်တို့အတွက် အန္တရာယ်ရှိတယ်၊ တိုက် ပွဲအလိုမရှိဆိုရင်တော့ ပြလို့ရတယ်ဆိုပြီး ပြောလိုက် ပါတယ်၊ သူတို့ ဘာမှ ပြန်မပြောသွားဘူး၊ မလိုက်လို့မရဘူးလို့ပဲ ပြောခဲ့တယ်”လို့ အဆိုပါအုန်းတောကြီးရွာသားက ပြောပါတယ်။

အုန်းတောကြီးအပြင် စစ်တွေမြို့နယ်အတွင်းရှိ တ ခြားသော ရိုဟင်ဂျာကျေးရွာနဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုလည်း ဆန္ဒလာပြကြဖို့ ဖိအားပေးခြိမ်း ခြောက်တာတွေရှိနေတယ်လို့ ဆိုကြပါတယ်။

“ဆန္ဒမပြရင် အပြင်ထွက်ခွင့်မပေးဘူး၊ ဖမ်းမယ်၊ စစ်သင်တန်းပို့မယ် အဲလိုတွေ ပြောတယ်၊ ကျွန် တော်တို့မှာက သူတို့လက်အောက်မှာနေရတာဆိုတော့ ငြင်းလို့မတတ်သာဘူး”လို့ စစ်တွေမြို့နယ် သဲချောင်းရိုဟင်ဂျာဒုက္ခသည်စခန်းက ရိုဟင်ဂျာတဦးကလည်း ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်ကလည်း စစ်တွေမြို့ပေါ် ရိုဟင်ဂျာရပ်ကွက်တွေက အုပ်ချုပ်ရေးမှူးနဲ့မိသားစုဝင်တွေ၊ ကျောင်းသားကတွေကို စည်းရုံးကာ “တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေတဲ့ NUG၊  AA အလိုမရှိ၊ စစ်တွေမြို့ကို ကာကွယ်ကြ၊ လူနေရပ်ကွက်ကို လက်နက် ကြီးနဲ့ ပစ်တဲ့ AA သောင်းကျန်းသူများအလိုမရှိ” စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခိုင်းခဲ့ပါတယ်။

“၁၈ နှစ်အောက်ကလေးတွေ ကျောင်းသားလေးတွေပေ့ါ၊ ပိုက်ဆံငါးထောင်စီပေးတယ်၊ သကြားလုံးတွေ ကျွေးတယ်၊ အဲလိုပြခိုင်းတာ၊ သူတို့ဓါတ်ပုံရိုက်လို့ ပြီးရင် ပြီးသွားပြီတဲ့၊ သိပ်တောင် မသိလိုက်ကြဘူး” လို့ စစ်ကော်စီက စီစဉ်ခဲ့တဲ့ ဆန္ဒပြပွဲအကြောင်း စစ်တွေမြို့ခံရိုဟင်ဂျာလူငယ်တဦးက ပြောပြပါတယ်။

စစ်ကောင်စီဟာ မနက်ဖြန် မတ်လ ၂၄ ရက်မှာလည်း စစ်တွေမြို့ထဲ ဆန္ဒပြပွဲတခု ထပ်မံစီစဉ်နေတာဖြစ်ပြီး ဆန္ဒပြပွဲအတွက် လိုအပ်တဲ့ ပိုစတာ၊ ဗွီနှိုင်းတွေနဲ့ လုံခြုံရေးတို့ကို စီစဉ်ပေးမယ်လို့ ပြောဆိုထားကြောင်း စစ်တွေမြို့နယ်အတွင်းက ရိုဟင်ဂျာတွေက ပြောကြပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလို ဆန္ဒထုတ်ဖော်ပွဲတွေ စီစဉ်နေတာဟာ ဒေသတွင်း အသိုင်းအဝိုင်းနှစ်ခုကြား အထင်အမြင်လွှဲမှားအောင်၊ ပဋိပက္ခဖြစ်ပွားအောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာဖြစ်ပြီး ဒေသခံရိုဟင်ဂျာတွေကို ခြိမ်းခြောက်အသုံးချနေတာလို့ ဝေဖန်ကြပါတယ်။

“နောက်ကွယ်က ပရိယာယ်နဲ့ တကျော့ပြန်ပြဿနာတွေဖြစ်အောင်လုပ်နေတယ်၊ ပြဿနာတွေအကြီး အကျယ် ဖြစ်မှာ ကြောက်တယ်၊ ဖြစ်လာရင် ကျွန် တော်တို့ပဲ နစ်နာမှာ၊ ကျွန်တော်တို့က သူတို့လက်ခုပ်ထဲက ရေဖြစ်နေတယ်လေ၊ စစ်တိုင်းခိုင်းလည်း တိုက်ရတယ်”လို့ ရခိုင်ဒေသခံ ရိုဟင်ဂျာကျောင်း ဆရာတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ဘူးသီးတောင်မြို့ပေါ်မှာလည်း ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ရိုဟင်ဂျာတွေကို ငွေကြေးမက်လုံးပေးကာ “AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ ဘူးသီးတောင်မြို့ကို ကာကွယ်ကြ” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခိုင်းခဲ့တယ်လို့ ဘူးသီးတောင်ဒေသခံတွေက ပြောကြပါတယ်။

အဲဒီဘူးသီးတောင်မြို့ပေါ်ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ရိုဟင်ဂျာတွေဟာ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ ရိုဟင်ဂျာကျေးရွာတွေက လူငယ်တွေ၊ ကျောင်းသားကလေးငယ်တွေဖြစ်တယ်လို့ ဘူးသီးတောင်ဒေသခံ ရိုဟင်ဂျာတွေက ပြောကြပါတယ်။

“ပိုက်ဆံပေးတယ်၊ ဆန်ပေးတယ်၊ အဲလိုခိုင်းတာ၊ ဒီကလူတွေကလည်း သိပ်အမြင်မရှိကြဘူးလေ၊ ပိုက် ဆံရရင် ပြလိုက်ကြတာပဲ၊ AA အလိုမရှိဘူးဆိုတာ မူဆလင်တိုင်းရဲ့သဘောဆန္ဒလည်း မဟုတ်ပါဘူး၊ တပ်တော်ထဲမှာ မူဆလင်တွေအများကြီးပဲ”လို့ ဘူးသီးတောင်မြို့နယ် ကျောက်ရန်သာစည်ရွာခံ ရိုဟင်ဂျာအမျိုးသားတဦးက ပြောပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်အတွင်းက ရိုဟင်ဂျာတရာဝန်းကျင်ကိုလည်း စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးကာ ဆန္ဒပြဖို့ခေါ်တဲ့အချိန်လာကြရမယ်လို့ လက်မှတ်ထိုးခိုင်းထားကြောင်း ဒေသတွင်း သတင်းဌာနအချို့မှာ ရေးသားထားကြပါတယ်။

စစ်ကောင်စီဟာ ရခိုင်ဒေသခံရိုဟင်ဂျာတွေကို အခုလို အတင်းအဓမ္မ ဆန္ဒထုတ်ဖော်ခိုင်းနေသလို အတင်းအဓမ္မဖမ်းဆီး၊ စစ်သင်တန်ပေးကာ ရှေ့တန်းပို့တာတွေလည်း ရှိနေပါတယ်။ လက်ရှိမှာ စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်မြို့နယ်တို့အတွင်းမှ ရိုဟင်ဂျာလူငယ် တထောင်နီးပါးကို စစ်သင်တန်းပေးနေပြီး စစ်တွေမြို့နယ်မှ ရိုဟင်ဂျာတွေကိုတော့ ရှေ့တန်းပို့ စစ်တိုက်ခိုင်းနေပြီလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေက ပြောထားကြပါတယ်။

ရှေ့တန်းမှာ သေဆုံးတဲ့ရိုဟင်ဂျာတွေလည်း အများအပြားရှိနေပြီး အလောင်းပင်ပြန်မရကြဘူးလို့ စစ်တွေမြို့နယ် အုန်းတော်ကြီးရွာမှ ရိုဟင်ဂျာဒေသခံတဦးက DNA ကို ပြောထားပါတယ်။

စစ်ကောင်စီဟာ မြို့ပေါင်းဆယ်ချီ၊ စခန်းပေါင်း ရာချီ သိမ်းပိုက်ခဲ့တဲ့ ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ် ဆင်ရေး၊ ရှမ်းမြောက်တိုက်ပွဲကာလအတွင်းကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အလိုမရှိကြောင်း၊ အကြမ်းဖက်အဖွဲ့တွေဖြစ်ကြောင်း တပ် ထောက်ခံသူတွေနဲ့ ဆန္ဒထုတ်ဖော်ပွဲတွေ စီစဉ်ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ ထိုးစစ်တွေကြောင့် တပ်စခန်းတွေ ဆက်တိုက် လက် လွှတ်ခဲ့ရတဲ့ ၂၀၂၃ အောက်တိုဘာလအတွင်းကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အလား တူဆန္ဒထုတ်ဖော်ပွဲ စီစဉ်ခဲ့ပါတယ်။

အလားတူပဲ ၂၀၁၉၊ ၂၀၂၀ ရခိုင်တိုက်ပွဲကာလတွေတုန်းကလည်း စစ်မှုထမ်းဟောင်းတွေ၊ စစ်သားမိသားစုတွေကို AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိကြောင်း ဆန္ဒပြခိုင်းစေတာတွေ ရှိခဲ့ပါတယ်။