မြိတ်အကျဉ်းထောင်ရှိ အကျဉ်းသား ၁၅၀ လောက် ကော့သောင်းထောင်ကို ထပ်မံပြောင်းရွေ့ခံရ

ဖေဖော်ဝါရီ ၊ ၂၈

တနင်္သာရီတိုင်း မြိတ်မြို့ရှိ ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအ၀င် အကျဉ်းသား ၁၅၀ လောက်ကို ဒီကနေ့ မနက်အစောပိုင်းမှာ ကော့သောင်းအကျဉ်းထောင်ကို ထပ်မံပြောင်းရွေ့နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒီကနေ့ မနက်အစော ၃ နာရီလောက်မှာ မြိတ်အကျဉ်းထောင်ရှိ အကျဉ်းသား တရာလောက်နဲ့ အကျဉ်းသူ ငါးဆယ် စုစုပေါင်း ၁၅၀ လောက်ကို ရေကြောင်းက တဆင့် ကော့သောင်းထောင်ကို ဒုတိယအကြိမ် ထပ်မံ ပြောင်းရွေ့ပေးနေတာပါ။

“ ရေကြောင်းကနေ တဆင့် သင်္ဘောနဲ့ သူတို့ပို့နေတာပေါ့ ကုန်းကြောင်းကမသွားတာလည်းကြာပြီး လုံခြုံရေးအရလည်း အာမခံမရဘူးလေ။ အဲဒီအထဲမှာ နိုင်ငံအကျဉ်းသားတွေပါတယ်လို့သိရတယ် အရေအတွက် တိတိကျကျတော့မသိရဘူး ” လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၁၄ ရက်နေ့ကလည်း မြိတ်အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသား ၊ အကျဉ်းသူ နှစ်ရာလောက်ကို ထောင်အာဏပိုင်တွေက အခုလိုပဲ ရေကြောင်းကတဆင့် ကော့သောင်းထောင်ကို ပြောင်းရွေ့ပေးခဲ့ပါသေးတယ်။

အခုပြောင်းရွေ့လိုက်တဲ့အကျဉ်းသား ၁၅၀ လောက်မှာ နိုင်ငံရေး အကျဉ်းသားတွေပါ၀င်သလို ရာဇ၀တ်မှုနဲ့ ထောင်ဒဏ် ဆယ်နှစ်နဲ့ အထက် ကျခံနေရတဲ့ နှစ်ကြီး သမားတွေအပြင် အခြားအကျဉ်းထောင်တွေမှာ ရွေ့ပြောင်းလာတဲ့သူတွေလည်း ပါတယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“ တနင်္သာရီထောင်တခုကနေ့  လုံခြုံရေး မပေးနိုင်လို့ မြိတ်ထောင်ကို ပို့ထားတဲ့ အကျဉ်းသားတွေလည်းပါသွားတယ်သိရတယ် ”  လို့ သူကဆိုပါတယ်။

မြိတ်ဗဟိုအကျဉ်းထောင်အာဏပိုင်တွေက အကျဉ်းသားတွေကို လုံခြုံရေး စိတ်မချရဘူးဆိုတဲ့ အကြောင်းပြချက်တွေအပြင် ထောင်အတွင်းမှာ သတ်မှတ် လူဦးရေထက်ပိုလျှံနေတဲ့ ဆိုတဲ့အကြောင်းပြချက်နဲ့ အခုလို အကျဉ်းသားတွေကို တခြားထောင်တွေဆီပို့ပေးနေတာလို့​အဲဒီအကျဉ်းထောင် အသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

“ ပထမ တခေါက်ရွေ့တုန်းကတော့ လူများနေလို့ ရွေ့တာလို့ ပြန်ကြားရတာပေါ့နော်။ တကယ်တော့ ထောင်မှာ လူဆန့်ပါသေးတယ် အရင်ထုတ်သွားတုန်းကလည်း နှစ်ရာလောက်ပါသွားတာဆိုတော့ ထားမယ်ဆိုထားလိုရနိုင်ပါသေးတယ် ” လို့ သူကဆိုပါတယ်။

လက်ရှိ မြိတ်အကျဉ်းထောင်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်တွေနဲ့ စစ်တပ်က အကျဉ်းဦးစီးဌာန ၀န်ထမ်းတွေနဲ့ပေါင်းပြီး လုံခြုံရေး ရယူပေးထားတယ်လို့ သူကဆက်ပြောပါတယ်။

ကိုသိုက်ထွန်းဦးကတော့ တနင်္သာရီတိုင်းရဲ့ စစ်ရေးအခြေအနေတွေကြောင့် ထောင်အာဏပိုင်တွေက စစ်တပ်အင်အားပိုများတဲ့ ကော့သောင်းမြို့ဖက်ကို အကျဉ်းသားတွေကို ပြောင်းရွေ့ပေးနေတာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

စစ်ကောင်စီ အာဏသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အတွင်း လိုအပ်ချက်တွေ တောင်းဆိုတဲ့အခါအခုလိုပဲ မိသားစုနဲ့ ဝေးရာအရပ်ဒေသရှိ အကျဉ်းထောင်တွေကို ပြောင်းရွေ့ပေးလေ့ရှိတယ်လို့ အကျဉ်းသားဟောင်းတွေကဆိုကြပါတယ်။

အကျဉ်းထောင်ပြောင်းရွေ့တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေပါသွားတဲ့အတွက် သူတို့ရဲ့ မိသားစု၀င်တွေနဲ့ တွေ့ဖို့ကိစ္စတွေအပြင် ထောင်၀င်စာ ပါဆယ်ပို့တာတွေမှာလည်း အခက်အခဲတွေ ရှိသွားနိုင်တယ်လို့ အထက်ပါ ဒေသခံကပြောပါတယ်။

“ ထောင်ပြောင်းမယ်ဆိုတာက အရင်ကတည်းက ကြားထားတာတော့ရှိတာပေါ့ ဘယ်နေ့ပြောင်းမလဲသာမသိတာ ကိုယ်လူပါသွားမလားဆိုပြီး စိုရိမ်စိတ်ကတော့ နိုင်ကျဉ်းမိသားစု၀င်တွေမှာ ရှိကြတယ် ဝေးသွားရင်ကျတော့ အခုလိုသွားရေး လာရေးမကောင်းရင် အဆက်သွယ်ပြတ်သွားနိုင်တယ် ” လို့ သူကဆိုပါတယ်။

မြိတ်ထောင်မှာ အကျဉ်းသားတွေနဲ့ ပက်သက်ပြီး တပတ်ကို ထောင်၀င်စာပါဆယ်ပို့ခွင့် သုံးကြိမ်ခွင့်ပြုထားပေမယ့် ပုလောအပါအ၀င် တခြားကျေးရွာက နိုင်ကျဉ်းမိသားစု၀င်တွေအနေနဲ့ လမ်းပန်ဆက်သွယ်ရေး အခက်အခဲကြောင့် သုံးလ တခါလောက်သာ ပါဆယ်ပို့နိုင်တယ်လို့ သိရပါတယ်။

ဒါအပြင် အဲဒီအကျဉ်းထောင်မှာ လက်ရှိ အကျဉ်းသား အကျဉ်းသူ စုစုပေါင်း လူဦးရေ တထောင်ကျော်လောက်ရှိနိုင်တယ်လို့ သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အာဏသိမ်းပြီးနောက် ဒီလ ၂၇ ရက်နေ့အထိ အာဏသိမ်းမှုဖြစ်စဉ်နဲ့ ပက်သက်ပြီး ဖမ်းဆီးခံရသူပေါင်းဟာ ၂၆၁၉၉ ဦးအထိရှိပါတယ်။အဲဒီအထဲမှာ ၂၀၁၆၈ ဦးဟာ ဖမ်းဆီးခံထားရဆဲဖြစ်သလို ၈၈၂၇ ဦးကလည်း ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

Photo- Social Media