Amazonတောထဲမှာ တွေ့ရှိတဲ့ Anaconda မျိုးကွဲတွေကို ကမ္ဘာ့အကြီးဆုံး မြွေမျိုးစိတ်အဖြစ် သတ်မှတ်

ဖေဖော်ဝါရီ၊ ၂၃

ကမ္ဘာပေါ်မှာ အကြီးဆုံးလို့ ယူဆရတဲ့ မြွေမျိုးစိတ်ကို အမေဇုန် တောနက်ကြီးထဲမှာ ဩစတြေးလျ သိပ္ပံပညာရှင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

ကမ္ဘာ့ဒုတိယ အကြီးဆုံး မြွေတွေလို့ သတ်မှတ် ခံထားရတဲ့ Anacondaတွေရဲ့ မျိုးကွဲလို့ သတ်မှတ်ရမယ့် အဲဒီမြွေကို ဟွာရာနီ တိုင်းရင်းသား မျိုးနွယ်စုတွေအကြောင်း National Geographicက ရိုက်ကူးတဲ့ Pole to Pole with Will Smith စီးရီးမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စီးရီးကို အော်စကာဆုရ ရုပ်ရှင်မင်းသား ဝီလ်စမစ်သ်က အစီအစဉ်မှူးအဖြစ် ပါဝင်ပြီး Disney+မှာ ထုတ်လွှင့် ပြသနေပါတယ်။

အဲဒီမြွေတွေရဲ့ အရွယ်အစားဟာ အံ့မခန်း ကြီးမားလွန်းကြောင်း၊ သူတို့ ရှာတွေ့ခဲ့တဲ့ Anaconda မျိုးကွဲ အမတကောင်ဟာ အရှည် ၆.၃ မီတာ (၂၀.၈ ပေ)ထိ ရှည်လျားကြောင်း သုတေသန အဖွဲ့ရဲ့ ဦးဆောင်ပညာရှင် ပါမောက္ခ ဘရိုင်ယန် ဖရိုင်းက ပြောပါတယ်။

အဲဒီ မြွေမျိုးစိတ်ကို ဟွာရာနီ တိုင်းရင်းသားတွေက အထွဋ်အမြတ်ထားအပ်တဲ့ သတ္တဝါတွေလို့ သတ်မှတ်ထားပြီး ပညာရှင် အဖွဲ့က ၁၀ ရက်လောက် အချိန်ယူ ရှာဖွေခဲ့ကြပါတယ်။ အဲဒီနောက် မြွေတချို့ကို ရှာဖွေ တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ ကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်နိုင်တဲ့ တကောင်ကိုပါ ဖမ်းမိခဲ့တာပါ။ Anacondaတွေက ရေတိမ်ပိုင်းတွေမှာ ဝပ်ရင်း သားကောင်ကို တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေတာ တွေ့ခဲ့ရတယ်လို့ ဖရိုင်းက ဆိုပါတယ်။

အခုတွေ့ရှိမှုဟာ အမေဇုန်သစ်တောရဲ့ ပထဝီဝင် အနေအထားကိုလိုက်ပြီး Anacondaတွေရဲ့ မျိုးစိတ်တွေ ဘယ်လိုဆင့်ကဲ ကွဲပြားသွားသလဲ ဆိုတာကို လေ့လာရာမှာ အထူး အရေးပါလာမယ်လို့လည်း ဖရိုင်းက ရှင်းပြပါတယ်။ မြောက်ပိုင်း Anaconda အစိမ်းရောင်တွေလို့ ခေါ်ဝေါ်တဲ့ Anacondaတွေဟာ အမေဇုန် တောင်ပိုင်း မြစ်ဝှမ်းမှာ အတွေ့များတဲ့ Anacondaတွေနဲ့ DNA ၅.၅ ရာခိုင်နှုန်းလောက် ကွဲပြားမှု ရှိတယ်လို့ ဖရိုင်းက ပြောပြပါတယ်။

အဲဒီ ပမာဏဟာ အတော်ကြီး ကွဲပြားတဲ့ မျိုးစိတ် ခြားနားမှုလို့ ဆိုနိုင်ပြီး မြင်သာအောင် နှိုင်းယှဉ်ပြရရင် လူတွေနဲ့ ချင်ပန်ဇီ မျောက်ဝံတွေကြား DNA ကွာဟမှုဟာ ၂ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပါတယ်။ ဖမ်းမမိခဲ့ပေမယ့် ရိုက်ကွင်း ဧရိယာ တဝိုက်မှာ ကျက်စားနေတဲ့ Anacondaတွေထဲမှာ အရှည် ၇.၅ မီတာလောက် ရှည်ပြီး ပေါင်ချိန် ၁၁၀၀ ကျော်လောက်ထိ လေးလံနိုင်တဲ့ မြွေကြီးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း သိပ္ပံပညာရှင်တွေက မြောက်ပိုင်း Anacondaစိမ်းတွေဟာ မြန်မာ့စပါးအုံးတွေကို ကျော်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး မြွေမျိုးစိတ်အဖြစ် သတ်မှတ်လာတာ ဖြစ်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ မြွေအများစုနည်းတူ Anacondaတွေဟာ အဆိပ်မရှိကြပါဘူး။ အဲဒီမြွေတွေဟာ အမေဇုန်မြစ် အနီးတဝိုက်မှာ ကျက်စားနေထိုင်ပြီး ရေကူးကျွမ်းကျင်သလို သားကောင်ကို အလစ်အငိုက် ဖမ်းယူပြီး ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ ရစ်ပတ်တုပ်နှောင် သတ်ဖြတ်ပြီး အမဲလိုက်လေ့ ရှိတယ်လို့ သိရပါတယ်။

 

Ref: USA Today