ဇန်နဝါရီ၊ ၁၉
အနားပေးထားပြီး ဖျက်ဆီးတော့မယ့် စစ်ရဟတ်ယာဉ်တွေကို ယူကရိန်းဆီ လက်လွှဲပေးဖို့ တောင်းဆိုမှုကို ဩစတြေးလျက ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
ဇန်နဝါရီ ၁၂ ရက်နေ့တုန်းက ဩစတြေးလျဆိုင်ရာ ယူကရိန်း အဖွဲ့ချုပ် (AFUO)က အခုအခါ အနားပေးလိုက်ပြီဖြစ်ပြီး သံရည်ကြိုစက် ပို့တော့မယ့် MRH-90 Taipan အမျိုးအစား ဘက်စုံသုံး စစ်ရဟတ်ယာဉ် ၄၅ စီးကို ယူကရိန်းဆီ လွှဲပြောင်းပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
ဒါပေမဲ့လည်း အခုသီတင်းပတ်ထဲမှာတော့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက AFUOရဲ့ ပန်ကြားမှုကို ငြင်းပယ်သွားခဲ့ပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ပတ်ကော်နေးက Taipanတွေ အားလုံးဟာ အန္တရာယ်ကင်းကင်း ပျံသန်းပြီး တာဝန် ထမ်းဆောင်နိုင်လောက်အောင် ယုံကြည်ရလောက်တဲ့ ကြံ့ခိုင်မှုမျိုး မရှိတော့ဘူးလို့ ပြောပါတယ်။
ဩစတြေးလျဟာ အဲဒီ ကွင်းစလန်း ပြည်နယ်ထဲမှာ ပျက်ကျမှု တခုကြောင့် စစ်သည် ၄ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပြီး Taipanတွေကို ပြီးခဲ့တဲ့နှစ်မှာ အပြီးတိုင် အနားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီ ရဟတ်ယာဉ် အဟောင်းတွေကို ပြန်လည် ပြင်ဆင် မွမ်းမံမယ်ဆိုရင် ပြည်သူလူထုရဲ့ အခွန်ငွေတွေ အရမ်း စရိတ်ထောင်းမှာ ဖြစ်သလို အချိန်နဲ့ အရင်းအနှီးတွေ အများကြီး ပြုန်းတီးလိမ့်မယ်လို့လည်း သူက အကြောင်းပြခဲ့ပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံ တွန်းလှန်ရာမှာ ယူကရိန်းဟာ အနောက် မဟာမိတ် နိုင်ငံတွေ ထောက်ပံ့တဲ့ လက်နက်ကြီးတွေ၊ လေယာဉ်တွေ၊ သံချပ်ကာယာဉ်တွေ၊ တင့်ကားတွေ၊ ဒုံးကျည်တွေနဲ့ တခြားစစ်လက်နက်တွေအပေါ် အကြီးအကျယ် မှီခိုနေရပါတယ်။
Taipanတွေကို လက်လွှဲပေးမှာ မဟုတ်ပေမယ့် ယူကရိန်းကို တခြားနည်းလမ်းတွေနဲ့ ထောက်ပံ့ဖို့ အစိုးရက အမြဲတမ်း နည်းလမ်း ရှာဖွေနေပါတယ်လို့ ဩစတြေးလျ အာဏာပိုင်တွေက ပြောကြားသွားပါတယ်။
Ref: ABC