တနေ့တာ ထူးခြားသတင်းများ

ဇန်နဝါရီ ၊ ၁၈ 

#တပ်ချုပ်နေရာအပြောင်းအလဲလုပ်ဖို့မဘသတချို့တိုက်တွန်း

#ကိုးကန့်ဒေသမှာစစ်ကောင်စီကလူနေရပ်ကွက်ထဲမိုင်းထောင်လို့အရပ်သားသုံးဦးမိုင်းထိ

#မိုးမိတ်ရဲစခန်းကစစ်ကောင်စီတပ်လက်နက်ချတိုက်ပွဲအတွင်းအရပ်သားတွေပိတ်မိနေ#ပလက်ဝမှာသံချပ်ကားနှစ်စီးအပါအဝင်လက်နက်ခဲယမ်းအများအပြားAAရရှိ

#ကျောက်ကြီးမှာစစ်ကောင်စီလက်ချက်နဲ့တရက်တည်းအရပ်သားခြောက်ဦးသေဆုံး

#နမ့်ဖတ်ကာမှာတိုက်ပွဲဆက်ဖြစ်နေခလရ၁၂၃ကိုKIAမသိမ်းနိုင်သေး

#မူဆယ်မှာတနှစ်သက်တမ်းရှိ နယ်စပ်သွားလာခွင့်စာအုပ်အနီပြန်ထုတ်ပေး

 ဒီကနေ့ ဇန်နဝါရီ(၁၈)ရက်မှာ ရရှိတဲ့ တနေ့တာ သတင်းဖြစ်ရပ်တွေထဲကထူးခြားတဲ့သတင်းတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ တပ်ချုပ်နေရာအပြောင်းအလဲလုပ်ဖို့ မဘသတချို့တိုက်တွန်း

စစ်ရေးအရေးနိမ့်မှုတွေ ဆက်တိုက်ကြုံလာရတဲ့ မြန်မာစစ်တပ်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(တပ်ချုပ်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်ချုပ်နေရာကနေ ဖယ်ပေးဖို့ တပ်ထောက်ခံသူတချို့က ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြောဆိုလာကြပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တဲ့ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်တဦးက စေတီတဆူကို တူနဲ့ ထုရိုက်ဖျက်ဆီးတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ဇန်နဝါရီ ၁၆ ရက်က ပြင်ဦးလွင်မြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတခုမှာ မဘသ ဘုန်းကြီး ပေါက်ကိုယ်တော် အရှင်အရိယဝံသကတောင်းဆိုခဲ့တာပါ။

အာဏာသိမ်းခေါင်းဆောင်ကို ရာထူးက ဖယ်ပေးဖို့ ဆိုရှယ်မီဒီယာတွေမှာ အငြိမ်းစားတပ်အရာရှိကြီးတချို့နဲ့ တပ်ထောက်ခံသူတွေအကြား ရေးသားပြောဆိုမှုတွေရှိပေမဲ့ အခုလို လူသိရှင်ကြားပြောဆိုမှုကတော့ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

အရပ်ဘက်၊ စစ်ဘက်နှစ်ခုစလုံးကို တာဝန်ယူထားရလို့ ပင်ပန်းနေတဲ့အပြင်ဘယ်လိုကိစ္စတွေပဲရှိရှိ ရွှင်ရွှင်ပျပျ မျက်နှာထားရှိတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်ဘက်ရာထူးကနေဖယ်ရှားပြီး အရပ်ဘက်မှာပဲ တာဝန်ယူ သင့်တယ်လို့သူက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီဥက္ကဌ၊နိုင်ငံတော်ဝန်ကြီးချုပ်၊တပ်ချုပ်စတဲ့ စစ်ဘက်အရပ်ဘက်ရာထူးအားလုံးရယူထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဝန်ကြီးချုပ်အဖြစ် အရပ်ဘက် ခေါင်းဆောင်ရာထူးသာယူသင့်တယ်လို့ ပေါက်ကိုယ်တော်ကဆိုပါတယ်။

တပ်ချုပ်ရာထူး ရယူစေလိုတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ မျက်နှာအနေအထား၊ လုပ်ပုံကိုင်ပုံတွေကအစ စစ်သားတယောက်ရဲ့ ပုံစံဖြစ်ကြောင်းလည်း ပေါက်ကိုယ်တော်က ပြောပါတယ်။

ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ တထောင်ဝန်းကျင်ရှိ တပ်ထောက်ခံသူတွေကတော့ ပေါက်ကိုယ်တော်ရဲ့ ပြောဆိုမှုကို လက်ခံကြောင်း စင်အောက်ကနေ တပြိုင်တည်း တုံ့ပြန်ခဲ့ကြပါတယ်။

၂။ ကိုးကန့်ဒေသမှာစစ်ကောင်စီက လူနေရပ်ကွက်ထဲမိုင်းထောင်လို့အရပ်သားသုံးဦးမိုင်းထိ

ကိုးကန့်ဒေသထဲမှာ စစ်ကောင်စီက လူနေရပ်ကွက်၊အရပ်သားနေအိမ်ခြံဝန်းတွေထဲအထိ မိုင်းတွေထောင်ခဲ့တာ ကြောင့် သုံးရက်အတွင်း အရပ်သားသုံးဦးမိုင်းထိပြီး ဒဏ်ရာရခဲ့ကြတယ်လို့ ကိုးကန့်တပ် MNDAA ကထုတ်ပြန် ပါတယ်။

ကိုးကန့်တုန်ရှမ်းဒေသ ရှင်ကိုင်ရွာ တာတုန့်ကျိုက်ရပ်ကွက်မှာ စစ်ကောင်စီကအရပ်သားနေအိမ်တွေထဲ ထောင်ခဲ့ တဲ့မိုင်းတွေကြောင့် ဇန်နဝါရီ ၁၅ရက်ကနေ ၁၇ရက်အတွင်း အရပ်သားသုံးဦးမိုင်းပေါက်ကွဲပြီး ဒဏ်ရာတွေရခဲ့ကြ တာလို့ဆိုပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေထဲမှာ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦးပါဝင်ပြီး  နှစ်ဦးက ဒဏ်ရာပြင်း ထန်ကာ MNDAA က ဆေးကုသပေးခဲ့တာကြောင့် လက်ရှိမှာ အနည်းငယ်ပြန်လည် ကောင်းမွန်လာပြီလို့ ထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုလို နေအိမ်ခြံဝန်းနဲ့ ရပ်ကွက်အတွင်း မိုင်းထိပြီး ဒဏ်ရာရတဲ့အရပ်သားတွေရှိသလို မပေါက်ကွဲမီ တွေ့ရှိခဲ့တဲ့ မိုင်းတွေလည်းရှိသေးတယ်လို့ဆိုပါတယ်။

အခုုလို လူနေရပ်ကွက်တွေထဲ မိုင်းထိဒဏ်ရာရတဲ့ဖြစ်စဉ်တွေကြောင့် MNDAA နဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်း တွေအနေနဲ့ မိုင်းရှင်းလင်းရေးကိုအမြန်ဆုံးလုပ်သွားမယ်လို့ဆိုထားပါတယ်။ 

၃။ မိုးမိတ်ရဲစခန်းကစစ်ကောင်စီတပ် လက်နက်ချ၊ တိုက်ပွဲအတွင်း အရပ်သားတွေပိတ်မိနေ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) နဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေရာမှာ မြို့မရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူပြလက်နက်ချခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်သားနဲ့ရဲ အရေအတွက် ဘယ်လောက်လက်နက်ချတယ်ဆိုတာနဲ့ တိုက်ပွဲအသေးစိတ် အချက်အ လက်တွေကိုတော့ သေသေချာချာမသိရသေးပါဘူး။

မြို့မရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့ကြပြီးနောက် အဲ့ဒီစခန်းအနီးတဝိုက်ကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မိုးမိတ်ဒေသခံတဦးကပြောပါတယ်။

 KIAနဲ့ ကချင်ပြည်သူ့ကာကွယ်ရေး(KPDF) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီကနေ့ မနက် သုံးနာရီ လောက်ကစလို့ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို  မြို့ပတ်ပတ်လည်က ဝိုင်းပတ်ပိတ်ဆို့ပြီးဝင်ရောက် တိုက်ခိုက်နေတာလို့ သူကဆိုပါတယ်။

မိုးမိတ်မြို့အဝင်မှာ စစ်ကောင်စီလက်အောက်ခံ

ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၄၈၊ ခလရ ၂၇၆ နဲ့ ခလရ ၂၂၃ တပ်ရင်းသုံးခုရှိပြီး

အဲဒီတပ်ရင်းတွေကနေ မြို့အတွင်းကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပေးနေတယ်လို့ ဆိုပါတယ်။

မိုးမိတ်မြို့မှာအရင်ကတည်းက တိုက်ပွဲတွေရှိတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြပေမယ့် ရှမ်း မြောက်ဒေသမှာ ယာယီအပစ်ရပ်ပြီးနောက် ပြန်လာသူတွေရှိပြီး လတ်တလောတိုက်ပွဲကြား အရပ်သားတွေ ပိတ်မိနေကြတာရှိတယ်လို့သိရပါတယ်။

 

၄။ ပလက်ဝအခြေစိုက် စစ်ဌာနချုပ်ကိုသိမ်းပိုက်ရာမှာသံချပ်ကားနှစ်စီးအပါအဝင် လက်နက်ခဲယမ်းအများ အပြား AA ရရှိ

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝဒေသ အခြေစိုက် စစ်ကောင်စီရဲ့ရှေ့တန်းတပ်မဌာနချုပ်ဖြစ်တဲ့ ခလရ ၂၈၉နဲ့ စကခ ၁၉ တို့ကိုသိမ်းပိုက်ရာမှာ သံချပ်ကာကားနှစ်စီးအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ဒီကနေ့ဓာတ်ပုံမှတ်တမ်းတွေ ထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရ ရခိုင့်တပ်တော်က သိမ်းဆည်းရရှိတဲ့အထဲ သံချပ်ကာကားနှစ်စီး၊ ဟောင်ဝပ်ဇာ အမြှောက်၊ရာဂဏန်းလောက်ရှိနိုင်တဲ့ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ၊ခဲယမ်းအများအပြားနဲ့ စစ်အသုံးအဆောင် တွေပါဝင်တာတွေ့ရပါတယ်။

ခလရ ၂၈၉ တပ်ရင်းဌာနချုပ်ဟာ ပလက်ဝဒေသတခုလုံးရှိစစ်ကောင်စီတပ်စခန်းတွေအားလုံးကို စီမံခန့်ခွဲပြီး အ မိန့်ပေးကွပ်ကဲနေတဲ့ အဓိက ဌာနချုပ်တခုဖြစ်သလို တပ်မမှူးတွေ ပူးတွဲကြီးကြပ်ကွပ်ကဲနေတဲ့ စစ်ဗျူဟာကုန်း ကြီးလည်းဖြစ်တယ်လို့ AA က ဇန်နဝါရီ ၁၄ရက်မှာထုတ်ပြန်ထားပါတယ်။

စကခ ၁၉ဟာ မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တခုဖြစ်ပြီး ပလက်ဝဒေသအ တွင်းမှာ အခြေချလှုပ်ရှားနေတာဖြစ်ပါတယ်။

အဲ့ဒီဌာနချုပ်စခန်းတွေအပါအဝင် ပလက်ဝဒေသတခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး ပလက်ဝဒေသတခုလုံး ဟာ စစ်ကောင်စီလုံးဝကင်းစင်တဲ့ ဒေသဖြစ်လာပြီလို့ AA ကကြွေးကြော်ထားတာပါ။

ရခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်တွေအရ ပလက်ဝဒေသတခုလုံးကိုထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီဗျူဟာ စခန်းခြောက်ခုအပါအဝင် စစ်စခန်း နှစ်ဆယ်ကျော်ကို နှစ်လအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ရခိုင့်တပ်တော်နဲ့တိုက်ပွဲတွေမှာ အထိနာနေတဲ့စစ်ကောင်စီဟာ လက်ရှိမှာတော့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို စံချိန်တင်သုံးစွဲတိုက်ခိုက်နေတာကြောင့် ရခိုင်ဒေသခံတွေအနေနဲ့ လူအစုအပြုံလိုက်နေထိုင်တာနဲ့ လူစုလူဝေးလုပ်တာတွေကို ရှောင်ကြဉ်ဖို့ AA က သတိပေးထားပါသေးတယ်။

၅။ ကျောက်ကြီးမှာ စစ်ကောင်စီလက်ချက်နဲ့ တရက်တည်းအရပ်သားခြောက်ဦးသေဆုံး

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်(KNUလယ်ဒိုမြို့နယ်)မှာ စစ်ကောင်စီလက်ချက်နဲ့တရက်တည်းအရပ်သား ခြောက်ဦးသေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ထုတ်ပြန်ပါတယ်။

KNU တပ်မဟာ ၃ နယ်မြေ လယ်ဒိုမြို့နယ်ထဲက အနန်းဘော်ရွာထဲကို ဇန်နဝါရီ  ၁၆ရက်ညနေပိုင်းမှာ စစ် ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ရွာခံအမျိုးသားလေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရွှေဝါတပ်ရင်းကနေ အနန်းဘော်ရွာထဲကို  လက်နက်ကြီးတွေနဲ့ပါပစ်ခတ်တာကြောင့် ရွာထဲ လက်နက်ကြီးကျပြီး အသက် သုံးဆယ်ကျော်အရွယ်တွေဖြစ်တဲ့ ဒေါ်မာမာဦးဆိုသူနဲ့ ကိုစိုးအောင်တို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့သူတွေဟာ မောင်ဇော်မင်းသိန်း၊ဖိုးဇော်တို့နှစ်ဦးနဲ့ နောက်ထပ် အမည်ဆက် လက်စုံစမ်းနေဆဲ အနန်းဘော်ရွာခံတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီလို စစ်ကောင်စီတပ်က ရွာထဲဝင်ရောက်ပြီးဒေသခံတွေကိုသတ်ဖြတ်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ မ လုပ်ခင် အဲ့ဒီနေ့ညနေပိုင်းမှာ စစ်ကောင်စီက ဘောကထာစခန်းမှာ လေကြောင်းကနေ အထုပ်နှစ်ထုပ်ချပေးခဲ့ သေးတယ်လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ကျေးရွာတွေထဲဝင်ရောက်ပြီး ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အနန်းဘော်ရွာခံတွေရွာလုံးကျွတ်ထွက်ပြေးနေရပြီး ရွာထဲမှာ စစ်ကောင်စီတပ်တွေပဲ ရှိနေတော့တယ်လို့ ဖော်ပြထားပါတယ်။

KNU တပ်မဟာ ၁နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ သိမ်ဇရပ်မြို့အခြေစိုက် အမြှောက် တပ် အမတ ၃၁၀က လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် သုံးခွကျေးရွာက တက္ကသိုလ်ဝင်တန်းကျောင်း သားတဦးနဲ့ အရပ်သားတဦး လက်နက်ကြီးစထိမှန်ဒဏ်ရာတွေရခဲ့သေးတယ်လို့ KNU က ဒီကနေ့မှာပဲ ဆက်လက်ထုတ်ပြန်ထားပါတယ်။

၆။ နမ့်ဖတ်ကာမှာ တိုက်ပွဲဆက်ဖြစ်နေ၊ ခလရ ၁၂၃ ကို KIA မသိမ်းနိုင်သေး

မူဆယ်-လားရှိူး ကားလမ်းမပေါ်မှာရှိတဲ့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပဲလို့ ဒေသခံတွေက DNA ကို ပြောပါတယ်။

နမ့်ဖတ်ကာရွာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ) ၁၂၃ ကို KIA က သိမ်းပိုက်နိုင်လိုက်တယ်လို့ ပြီး ခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဒီကနေ့အထိ မသိမ်းနိုင်သေးဘူးလို့လည်း သိရပါတယ်။

KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကလည်း ခလရ ၁၂၃ ကို မသိမ်းပိုက်နိုင်သေးကြောင်း Myanmar Now သတင်း ဌာနကို အတည်ပြုပြောကြားထားပါတယ်။

တပ်ရင်း ကာကင်းစခန်းတချို့ကိုသာ သိမ်းပိုက်ထားနိုင်ပြီး တပ်ရင်းတခုလုံးကို မသိမ်းပိုက်နိုင်သေးတာလို့ သိရပါ တယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်ကတော့ နမ့်ဖတ်ကာဘက် ဗုံးလာကြဲတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစီးကို KIA က ပစ်ချနိုင်ခဲ့ပါသေးတယ်။

နမ့်ဖတ်ကာရွာတဝိုက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်ကစလို့ KIA က ထိုး စစ်ဆင်နေတာဖြစ်ပြီး သုံးပတ်ခန့်အကြာ တိုက်ပွဲအတွင်း ရွာခံ ကိုးဦးထက်မနည်းသေဆုံးထားသလို နေအိမ်လည်း ရာချီပျက်စီးခဲ့တယ်လို့ သိရပါတယ်။

KIA က အခုထိ မသိမ်းပိုက်နိုင်သေးတဲ့ ခလရ ၁၂၃ ကို ကွပ်ကဲတဲ့ သိန္နီအခြေစိုက် စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ) ၁၆ ကိုတော့ ဇန်နဝါရီ ၇ ရက်ကတည်းက မဟာမိတ်တပ်တွေ သိမ်းပိုက်ထားပေမယ့် ခလရ ၁၂၃ က တပ် ဖွဲ့ဝင်တွေကတော့ အခုထိ လက်နက်မချသေးတာပါ။

နမ့်ဖတ်ကာရွာရဲ့ တောင်နဲ့မြောက် မိုင်သုံးဆယ်စီလောက်အကွာမှာတော့ တအာင်းတပ် TNLA အပါအဝင် မဟာ မိတ်တပ်တွေထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိသလို မိုင်နှစ်ဆယ်ကျော်အကွာ အနောက်မြောက်ဘက်က နမ့်ခမ်းမြို့ကိုလည်း TNLA ကပဲ ထိန်းချုပ်ထားပါတယ်။

အဲဒါကြောင့် အဲဒီနမ့်ဖတ်ကာရွာအနီး တိုက်ပွဲတွေမှာတော့ လေကြောင်းပစ်ကူပေးတာကလွဲလို့ စစ်ကောင်စီတပ် က စစ်ကူစေလွှတ်ပေးနိုင်တာ မရှိဘူးလို့ သိရပါတယ်။

 

၇။ မူဆယ်မှာ တနှစ်သက်တမ်းရှိ နယ်စပ်သွားလာခွင့်စာအုပ်အနီ ပြန်ထုတ်ပေး

သက်တမ်း တနှစ်ရှိတဲ့ တရုတ်-မြန်မာ နယ်စပ်သွားလာခွင့်လက်မှတ်(စာအုပ်အနီ)တွေကို မူဆယ်မြို့မှာ ဇန်နဝါရီ ၁၇ ရက်၊ မနေ့ကစပြီး ပြန်လည်ထုတ်ပေးနေပြီလို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယာယီရပ်ဆိုင်းထားတဲ့ စာအုပ်အနီလုပ်ခွင့်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းမှာ ပြန်ခွင့်ပြုပေးခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ပြန်လည်ရပ်နားထားခဲ့ပါတယ်။

လက်ရှိမှာတော့ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ် အိမ်ထောင်စုစာရင်း ရှိသူတွေသာ စာအုပ်အနီလုပ်ခွင့်ရနေပြီး ကုန်ကျ စရိတ်အနေနဲ့ ကျပ် တသောင်းခွဲဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

နယ်စပ်ဂိတ်ပေါက်တခုဖြစ်တဲ့ ဆင်ဖြူဂိတ်မှာ စာအုပ်အနီလုပ်ပေးနေပြီး စာအုပ်အနီလုပ်ဖို့အတွက် ပတ်စ်ပို့ ဓာတ် ပုံ၊ မှတ်ပုံတင်မူရင်းနဲ့ မိတ္တူ၊ အိမ်ထောင်စုမိတ္တူ လိုအပ်တယ်လို့ မူဆယ်မြို့ခံတဦးက ပြောပါတယ်။

အဲဒီစာအုပ်အနီကိုင်ဆောင်သူတွေဟာ တရုတ်ဘက်ခြမ်း ယူနန်ပြည်နယ်၊ တယ်ဟုတ်ပြည်နယ်ခွဲအတွင်းရှိတဲ့ ရွှေလီ၊ ကျယ်ဂေါင်၊ လွယ်ဂျယ်၊ မန်စီ စတဲ့ ဒေသတွေအတွင်းသား သွားလာခွင့်ရှိပြီး နယ်ကျော်သွားလာပါက တ ရုတ်အာဏာပိုင်တွေက ဖမ်းဆီးတာခံရနိုင်ပါတယ်။

စာအုပ်အနီဟာ သက်တမ်းတနှစ်ရှိပေမယ့် တရုတ်ဘက်မှာနေထိုင်တာ ခုနစ်ရက်ပြည့်တိုင်း နယ်စပ်ဂိတ်တွေမှာ တံဆိပ်တုံးပြန်လာထုဖို့လည်း လိုတယ်လို့ သိရပါတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကတည်းက ပိတ်ထားတဲ့ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်က နေ လူ ဝင်ထွက်သွားလာခွင့်ကို ၂၀၂၃ ခုနှစ်၊ စက်တက်ဘာ ၄ ရက်မှာ တရုတ်အာဏာပိုင်တွေက ပြန်လည် ခွင့်ပြု ပေးခဲ့ပါတယ်။

အဲလို ခွင့်ပြုပြီးနောက်မှာတော့ ခုနစ်ရက်သာသက်တမ်းရှိတဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP ကတ်) တရုတ်ဘက်ခြမ်း ဝင်ထွက်သွားလာနေကြပါတယ်။

TBP ကတ်ကိုတော့ မူဆယ်နဲ့ နမ့်ခမ်း အိမ်ထောင်စုရှိတဲ့လူတွေပဲမဟုတ်ပဲ မှတ်ပုံတင်ရှိတဲ့ ဘယ်သူမဆိုလုပ်နိုင်ပေ မယ့် ခုနှစ်ရက်ပဲ သက်တမ်းရှိတာ၊ လုပ်တဲ့လူများတာကြောင့် ကတ်ရဖို့ ရက်ရှည်စောင့်ရတာ၊ တရုတ်ဘက်ခြမ်း အလုပ်ရှာရခက်တာ စတဲ့အခက်အခဲတွေရှိပါတယ်။