ဇန်နဝါရီ ၊ ၁၃
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တရုတ်နိုင်ငံရဲ့ ကြား၀င်စေ့ စပ်ပေးမှုအရ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲဖို့သဘောတူထားတယ်လို့နှစ်ဖက်ထုတ်ပြန်ပြောဆိုထားပေမယ့် ကျောက်မဲမြို့ မှာ ဒီကနေ့မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးကပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက် ၉ နာရီလောက်က စတင်ပြီး ကျောက်မဲမြို့အ၀င် ငြိမ်းချမ်းရေးကုန်းမှာ တအာင်းတပ်(TNLA) အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သူကဆိုပါတယ်။
“တိုက်ပွဲက အတော်ပြင်းထန်တယ်လို့ ပြောလို့ရတယ်၊လက်နက်ကြီးအသံတွေကလည်း အကျယ်ကြီးတွေ ကြား နေရတယ်။ အခုဖြစ်နေတဲ့ နေရာ စကစ ဘက်က နေ့ခင်းပိုင်းဆိုရင် စစ်ဆေးတာတွေ လုပ်လေ့ရှိတယ်။ ဘယ်က နေ ဘယ်လိုစဖြစ်ကြတယ်ဆိုတာတော့ မသိရသေးဘူး” လို့ သူကဆိုပါတယ်။
ကျောက်မဲမြို့အ၀င် တိုက်ပွဲတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး လက်ရှိမြို့အတွင်းမှာ လူအသွားအလာ လျော့နည်းသွားတယ်လို့ သူကဆိုပါတယ်။
“အဲဒီဘက်မှာ လူနေအိမ်တွေလည်းရှိတယ် အထိအခိုက် အပျက်အဆီးကတော့ မသိရသေးဘူး၊ဒီလောက် လက် နက်ကြီးတွေနဲ့ ပစ်ခတ်နေရင်တော့ ထိခိုက်မှုတွေတော့ရှိနိုင်ပါတယ် ” လို့ အထက်ပါဒေသခံက ဆိုပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ငြိမ်းချမ်းရေးကုန်းအနီးတဝိုက်မှာ အပစ်မရပ်ခင်ကတည်းက တအာင်းတပ်ဖွဲ့၀င်တွေ သွားလာလှုပ်ရှားနေတာဖြစ်ပြီ ဒီကနေ့မနက်ပိုင်းမှာ အဲဒီနေရာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး လာတဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်နေတာလို့ ရွှေဖီမြေ သတင်းဌာနက ရေးသားထားပါတယ်။
တိုက်ပွဲအခြေအနေတွေကို သိရဖို့ တအာင်းတပ်ရဲ့ သတင်းပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်နေပေမယ့် လက်တလောဆက်သွယ်မရသေးပါဘူး။
စစ်ကောင်စီနဲ့ညီနောင်မဟာမိတ်တပ်တွေဟာ ဇန်နဝါရီ ၁၁ရက် ညကိုးနာရီကစပြီး နှစ်ဖက်ထိတွေ့မှုတွေမဖြစ်ဖို့ နဲ့ အပစ်ရပ်ဖို့သဘောတူခဲ့ကြတာဖြစ်ပေမယ့် မနေ့ကအထိ ရှမ်းမြောက်ရှိ နမ့်ဆန်၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနှင့် မန္တလေးတိုင်းမှ မိုးမိတ်မြို့နယ် တို့မှာစစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဆက် လုပ်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲံကထုတ်ပြန်ထားပါတယ်။
နှစ်ဖက်အပစ်ရပ်သဘောတူညီချက်တွေအရ ရှမ်းမြောက်ဒေသက ညီနောင်မဟာမိတ်အဖွဲ့တွေ ထိန်းချူပ်ထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီတပ်တွေက လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တာတွေမလုပ်ဖို့ စစ်ကောင်စီ တပ် တွေရဲ့ စစ်စခန်းတွေ ဗျူဟာကုန်းတွေကိုလည်း ညီနောင်အဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မလုပ်ဖို့သ ဘောတူထားကြတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က မနေ့ကထုတ်ပြန်ထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကာလ နှစ်လကျော်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေ ဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ကွမ်းလုံ၊ ဟိုပန်၊ ပန်လုံ၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ခမ်း၊ ပန်ဆိုင်း/ကြူကုတ်၊ ကွတ်ခိုင်၊ သိန္နီ စတဲ့မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တာပါ။