ဂါဇာ ဒုက္ခသည် စခန်းတခုကို အစ္စရေး ထိုးစစ်ဆင်၊ ဟားမားစ် စစ်ဦးစီးကို သုတ်သင်နိုင်ခဲ့တယ်လို့ ကြေညာ

နိုဝင်ဘာ၊ ၁

ဂါဇာ ကမ်းမြှောင်ဒေသမှာ ဒုက္ခသည် စခန်းတခုကို အစ္စရေးက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဟားမားစ် အဖွဲ့ခေါင်းဆောင် တဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ကြေညာပါတယ်။

ဂျာဘာလီယာမြို့က ဒုက္ခသည် စခန်းကြီးဟာ ပါလက်စတိုင်း ဒုက္ခသည်တွေ ခိုလှုံတဲ့ နေရာတခု ဖြစ်ပေမယ့် အစ္စရေးကတော့ အဲဒီနေရာမှာ ဟားမားစ်တွေ ပုန်းခိုနေတယ်လို့ အတိအလင်း စွပ်စွဲပါတယ်။ အောက်တိုဘာ ၃၁ ရက်က အစ္စရေးဟာ ကြည်းတပ်ရော၊ လေတပ်ကိုပါ အသုံးပြုပြီး ဒုက္ခသည် စခန်း တဝိုက်ကို အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တာကြောင့် ပါလက်စတိုင်း ၅၀ ကျော် သေဆုံးတယ်လို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အစ္စရေးကတော့ ဒေသခံ ဟားမားစ် ပြောက်ကျား စစ်ဦးစီး တဦးအပါအဝင် ဟားမားစ် အဖွဲ့သား ဒါဇင်နဲ့ချီ အရေအတွက်ကို ရှင်းလင်းနိုင်ခဲ့ပြီး ဟားမားစ်တွေရဲ့ စစ်ရေး ကွပ်ကဲမှု ဌာနတွေနဲ့ မြေအောက် ဥမင်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ စစ်ဆင်ရေးမှာ အစ္စရေးဖက်က အသက် ၂၀ အရွယ် စစ်သည် နှစ်ဦးလည်း သေဆုံးခဲ့ပါတယ်။ ဒါဟာ ဂါဇာမှာ စစ်ဆင်ရေးတွေ အစပြုခဲ့တဲ့ သုံးပတ်ကျော် ကာလအတွင်း အစ္စရေး စစ်တပ်ဖက်က ပထမဆုံး အသေအပျောက်လည်း ဖြစ်လာပါတယ်။

ဂျာဘာလီယာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးအပြီး မြင်ကွင်းတွေအရ နေရာတိုင်း အပျက်အစီးတွေ ပြည့်နှက်နေခဲ့သလို အဆောက်အအုံတွေကလည်း အုတ်ပုံဘဝ ပြောင်းသွားတာကို တွေ့ရပါတယ်။ ဟားမားစ်တွေက အစ္စရေးဟာ ဒုက္ခသည် စခန်းကို လေကြောင်းကနေ ခြောက်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲပါတယ်။

လက်ရှိ အချိန်ထိ အဲဒီနေရာမှာ ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရသူ အရေအတွက် ဘယ်လောက်ထိ များပြားသလဲ ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။ ပါလက်စတိုင်းတွေက သေဆုံးသူတွေရဲ့ အလောင်းတွေကို အပျက်အစီးပုံတွေအောက်ကနေ ရှာဖွေ ဆွဲထုတ်ပြီး တန်းစီ နေရာချနေတာကိုလည်း တွေ့ရပါတယ်။

အစ္စရေးဟာ ဂါဇာမြောက်ပိုင်းမှာရှိတဲ့ ဟားမားစ် စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ အရှိန်မြှင့် တိုက်ခိုက်နေခဲ့ရာက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစပြီး မြေပြင်ထိုးစစ်ကို တဆင့်ချင်း အရှိန်မြှင့်တင်လာနေခဲ့တာလည်း ဖြစ်ပါတယ်။

 

Ref: NPR