စက်တင်ဘာ၊ ၁၃
လစာငွေအပေါ် ခေါင်းပုံဖြတ်မှုကို မဖြေရှင်းပေးလို့ဆိုကာ ရုံးမတက်ဘဲ ဆန္ဒပြတဲ့ Lutheran World Federation (LWF)ရဲ့ စစ်တွေရုံးခွဲက ဝန်ထမ်း ရှစ်ဆယ် စက်တင်ဘာလ ၄ ရက်မှာ အလုပ်ထုတ်ခံလိုက်ရတယ်လို့ ကာယကံရှင်တွေထံက သိရပါတယ်။
” ကျမတို့ ရပိုင်ခွင့်ဖြစ်တဲ့အတွက်ကြောင့်မို့ ကျမတို့ တောင်းဆိုတာ၊ သူတို့က ညှိနှိုင်းပေးဖို့ မစဉ်းစားဘဲနဲ့ နောက်တပတ်ကို ရုံးမတက်ဘူးဆိုရင်တော့ Dismiss (အလုပ်ထုတ်)မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ရွေးချယ်စရာလည်း မရှိဘူးဆိုတော့ နောက်တပတ် ဆက်ပြီး Silent Strike (အသံတိတ်သပိတ်)ကို ဆက်လုပ်လိုက်တဲ့အခါမှာ ကျမတို့ ဝန်ထမ်း ရှစ်ဆယ် အလုပ်ထုတ်ခံရပါတယ် ” လို့ အလုပ်ထုတ်ခံရတဲ့အထဲပါတဲ့ LWF ဝန်ထမ်း အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
အလုပ်ထုတ်ခံရသူတွေ အထဲမှာတော့ အမျိုးသမီး ၃၇ ဦးနဲ့ အမျိုးသား ၄၃ စုစုပေါင်း ရှစ်ဆယ်ဖြစ်ပြီး အဲဒီအထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး လေးဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဝန်ထမ်းတွေရရှိတဲ့ လစာ ယူရိုငွေကို ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းနဲ့ မတွက်ချက်ဘဲ ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလဲနှုန်းတွေနဲ့ပဲ တွက်ပြီးပေးဖို့ ဝန်ထမ်းတွေ တောင်းဆိုတာကို လက်မခံလို့ ဝန်ထမ်းတွေက ရုံးမတက်ဘဲ ဆန္ဒပြခဲ့ကြတာပါ။
ဝန်ထမ်းတွေရဲ့ လစာကို Donar (ငွေကြေးထောက်ပံ့သူ)တွေဆီက ပုဂ္ဂလိကဘဏ်တွေရဲ့ ယူရို ငွေလဲနှုန်းအတိုင်း ရယူပေမယ့် လစာထုတ်ပေးတဲ့ အချိန်မှာတော့ ဗဟိုဘဏ်ရဲ့ နှုန်းထားအတိုင်း ပေးချေလို့ ဝန်ထမ်းတွေဘက်က လစာကို ပုဂ္ဂလိကဘဏ်တွေရဲ့ ပေါက်စျေးအတိုင်း ပေးဖို့ တောင်းဆိုခဲ့တာပါ။
လက်ရှိ ဗဟိုဘဏ်ရဲ့ နှုန်းထားအရတော့ တယူရို မြန်မာငွေကျပ် ၂,၂ဝဝ ဝန်းကျင်သာ ရှိပေမယ့် ပုဂ္ဂလိကဘဏ်တချို့မှာတော့ ၂,၆၀၀ အထက်မှာ ရှိပြီး ပြင်ပစျေးကွက်မှာတော့ ၃,၈၀၀ ကျပ်ဝန်းကျင်အထိ ရှိပါတယ်။
ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်မှာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ အဓိက ပေးနေတဲ့ ဆွစ်ဇလန်နိုင်ငံအခြေစိုက် LWF အဖွဲ့က မြန်မာပြည်က ဝန်ထမ်းတွေရဲ့ လစာကို ယူရိုငွေနဲ့ ပေးချေဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကတည်းက စတင်သဘောတူခဲ့တာလို့ သိရပါတယ်။
အဲဒီအချိန်ကတည်းကနေ ယူရိုငွေလဲနှုန်းကို ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလဲနှုန်းအတိုင်း ပေးချေဖို့ ဝန်ထမ်းတွေဘက်က အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် တနှစ်ကျော်ကြာတဲ့အထိ မလိုက်လျောတာကြောင့် သြဂုတ်လ ၁၄ ရက်ကနေ ၁၈ ရက်အထိ ပထမအကြိမ် ရုံးမတက်ဘဲ ဆန္ဒပြခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် သြဂုတ် ၂၁ ရက်မှာတော့ မန်နေဂျာအဖွဲ့နဲ့ ဆန္ဒပြဝန်ထမ်းတွေ အစည်းအဝေးလုပ်ခဲ့ပေမယ့် မလိုက်လျောတာကြောင့် ရုံးမတက်လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့မှာတော့ အလုပ်ထုတ်စာ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
” meeting (အစည်းအဝေး) လုပ်တဲ့အခါမှာ ကျမတို့ အခုလို ဆန္ဒဆက်ပြနေရင် ကျမတို့ရဲ့ လစာတွေကို ဖြတ်ပစ်မယ်။ အလုပ်က ထုတ်ပစ်မယ်ဆိုပြီး သူတို့က ခြိမ်းခြောက်တယ်။ ညှိနှိုင်းပေးရမယ့်အစား သူတို့ရဲ့ အာဏာကို သုံးပြီးတော့ ကျမတို့ကို ခြိမ်းခြောက်တယ် ” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်နိုင်ဖို့ Lutheran World Federation (LWF)က တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာတော့ မရှိပါဘူး။
ဝန်ထမ်းတွေအနေနဲ့ကတော့ အခုလို အလုပ်ထုတ်ခံရတာကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေကြပြီး တောင်းဆိုတာတွေက လက်ခံပါက လုပ်ငန်းခွင် ပြန်ဝင်ဖို့လည်း ဆန္ဒရှိနေကြပါတယ်။
” မိုခါမုန်တိုင်း ဖြစ်သွားတဲ့အခါမှာ ဆိုလို့ရှိရင် ကျမတို့ရဲ့ စီးပွားရေး၊ လူမှုရေး အကုန်လုံးက သက်ရောက်မှုတွေ ရှိတယ်ပေါ့နော်။ အိမ်တွေ ပြိုသွားတဲ့ ဝန်ထမ်းတွေရှိတယ် ” လို့လည်း အလုပ်ထုတ်ခံရတဲ့ နောက်ထပ် ဝန်ထမ်းအမျိုးသမီးတဦးက ပြောပါတယ်။
လက်ရှိအချိန်ထိတော့ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေ လုပ်ငန်းခွင် ပြန်ဝင်ရေး နှစ်ဖက်ညှိနှိုင်းနေတာ မရှိသေးဘဲ အခုလို လုပ်ရပ်ကို INGO ဖိုရမ်တွေနဲ့ Donar (ငွေကြေးထောက်ပံ့သူ) တွေဆီ တင်ပြသွားဖို့တော့ ရှိတယ်လို့ သိရပါတယ်။
” လူသားချင်းစာနာမှု အကူညီပေးရေး အလုပ်ကို လုပ်နေကြတဲ့ သူတွေက ဒီလိုမျိုး လူသားချင်းစာနာထောက်ထားမှု မရှိဘဲ အဲလိုမျိုး လုပ်လိုက်တဲ့ အပြုအမူက တော်တော်လေးကို ရုပ်ဆိုးအကျည်းတန်တယ် ” လို့လည်း အထက်ပါ ဝန်ထမ်းအမျိုးသမီးက ပြောပါတယ်။
ဓာတ်ပုံ – LWF Myanmar