သြဂုတ်၊ ၂၁
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်မှာ ဩဂုတ်လ ၂၀ ရက်၊ မနက် ၁၀ နာရီခန့်မှာ ခရီးသည်တင်ကားတစီး လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လမ်းပိုင်းအသုံးပြုသူတွေထံမှ သိရပါတယ်။
“ မြဝတီက ဆင်းလာရင် လမ်းသစ်တိုင်း မောင်းဆင်းလာရင် သိပ်မကြာဘူး။ အဲဒီနားလောက်မှာ ပစ်ခံရတာ၊ ခရီးသည်တင်ကားပဲ။ လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်တာ၊ ကားရဲ့နောက်ဘက်ခြမ်းကို လှမ်းထိသွားတာ။ ထိတာတော့ လေးယောက်လောက်က ထိသွားတာ။ ခရီးသည်တွေဘဲ ” လို့ အာရှလမ်းသစ်ကို အသုံးပြုနေတဲ့ ခရီးသည်တင် ယာဉ်မောင်းနှင်သူတဦးက DNA ကို ပြောပါတယ်။
ခရီးသည် ၁၅ ဦး လိုက်ပါစီးနင်းလာတဲ့ Super Custom ကားဟာ မြဝတီမြို့ကနေ ကော့ကရိတ်ဘက်ကို မောင်းနှင်လာစဉ် မြဝတီ-ကော့ကရိတ် အာရှလမ်း၊ ကွင်းကလေးတံတား အကျော်၊ ဒေါနသစ္စာ စားသောက်ဆိုင်အနီးမှာ အမည်မသိ အဖွဲ့တခုမှ လက်နက်ကြီး တလုံးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ယာဉ်ပေါ်ပါသူ ၁၅ ဦးအနက် အသက် ၂၃ နှစ်အရွယ် ကိုစန်းလင်းအောင်၊ အသက် ၃၅ နှစ်အရွယ်ကို စိုးမင်းအောင်၊ အသက် ၄၅ နှစ်အရွယ် ဦးထိန်လင်းနဲ့ ၁၉ နှစ်အရွယ် မနန်းလွမ်ငင် တို့မှာ ခန္ဓာကိုယ်အနှံ့နဲ့ ခြေလက်တွေမှာ ကျည်စထိမှန် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
“ လမ်း မပျက်စီးခင်ကတော့ အဲဒီလမ်းပိုင်းမှာ PDF နဲ့ စစ်သားတွေ တိုက်ပွဲဖြစ်တာ ရှိခဲ့တယ်။ လမ်းပျက်စီးပြီးနောက်ပိုင်းတော့ တိုက်ပွဲဖြစ်တာတွေ မကြားရတော့ဘဲ စစ်တပ်နဲ့ သူ့လက်အောက်ခံ အဖွဲ့တွေကတော့ နေရာအတော်များများမှာ တပ်စွဲထားတာ ရှိတယ်။ ကျွန်တော်တို့ ထင်တာတော့ စစ်တပ်လက်အောက်ခံ အဖွဲ့တွေက ပစ်တာလို့ ထင်တာပေါ့နော် ” လို့ အဲဒီ ခရီးသည်တင် ယာဉ်မောင်းနှင်သူက ပြောပါတယ်။
ခရီးသည်တင်ကားကို ဘယ်အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကို သိရှိနိုင်ဖို့ အဲဒီလမ်းပိုင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူထံကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားပေးခြင်း မရှိသေးပါဘူး။
လက်ရှိ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို မြဝတီမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေကြရပြီး သူတို့အားလုံးရဲ့ ကျန်းမာရေးက စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တောင်ကျရေ လိမ့်ဆင်းမှုတို့ကြောင့် မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ကြား တောနော် ရေတံခွန်း အနီး အာရှလမ်းပိုင်းမှာ ဩဂုတ်လ ၇ ရက်၊ နေ့လယ်ပိုင်းက တောင်မြေသားနဲ့အတူ လမ်းပိုင်းတချို့ ပြိုကျပျက်စီးတာတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီပြိုကျပျက်စီးသွားတဲ့ လမ်းပိုင်းနေရာတွေကို ပြန်လည်ပြုပြင်ဖို့အတွက် စစ်ကောင်စီရဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့က တလအတွင်း ဆောင်ရွက်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်ထားတာ ရှိပါတယ်။
လက်ရှိ တချို့လမ်းပိုင်းနေရာတွေ ပြင်ဆင်မှုအနည်းငယ် ပြီးစီးသွားတဲ့အတွက် မနက်အစောပိုင်းနဲ့ တည်ဆောက်ရေးလုပ်ငန်း ခေတ္တရပ်နားထားတဲ့ နေ့လယ် ၁၂ နာရီကနေ ၁ နာရီ၊ ညနေ ၄ နာရီနောက်ပိုင်းတွေမှာ ယာဉ်ငယ်တွေကို ဖြတ်သန်းသွားလာခွင့် ပြုထားပါတယ်။
ဓာတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်