အမြန်လမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ထောက်ချုပ်ယာဉ်တန်းလို့သတင်းထွက်ပေမယ့် စစ်ကောင်စီငြင်း

ဇူလိုင်၊ ၇
 
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် ဖြတ်သန်းလာတဲ့ စစ်ကောင်စီယာဉ်တန်း တခုကို ဒီကနေ့ မနက်ပိုင်းမှာ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ က တိုက်ခိုက်ခဲ့တယ်လို့ ပဲခူတိုင်းအခြေစိုက် PDF တပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
“ ကားနှစ်စီး ပျက်သွားတယ်ဗျ၊ အရှေ့က ပွိုင့်ကား လွတ်တဲ့အချိန် နောက်ကား သုံးစီးကို မိုင်းဆွဲခဲ့တာပါ၊ မိုင်းနဲ့ ခွေးကားက ခြောက်ပေအကွာမှာပဲ ရှိတယ်၊ တပ်ရင်း ၃၅၀၁ က လေ့ကျင့်ထားတဲ့ အထူးတပ်ဖွဲ့ငယ်တွေနဲ့ လှုပ်ရှားခဲ့တာပါ ” လို့ သူကပြောပါတယ်။
နေပြည်တော်ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို အမြန်လမ်း ၁၉၆ မိုင် လေးဖာလုံမှာ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိကြောင်း ဒေသခံတွေဆီက သိရတယ်လို့ ပဲခူးတိုင်း PDF တပ်ဖွဲ့က ထုတ်ပြန်အတည်ပြုထားပါတယ်။
ထိခိုက်သေဆုံးသူတွေနဲ့ ပတ်သက်လို့ ဆက်လက်စုံစမ်း အတည်ပြုနေတယ်လို့ ဆိုပါတယ်။ အဲဒီယာဉ်တန်းဟာ စစ်ကောင်စီ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း လိုက်ပါလာတဲ့ ယာဉ်တန်းဖြစ်ကြောင်း သတင်းအရ တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။
 
စစ်ကောင်စီကတော့ စစ်ထောက်ချုပ်ယာဉ်တန်း တိုက်ခိုက်ခံရကြောင်း ဖော်ပြမှုတွေဟာ သတင်းအမှားသာဖြစ်ပြီး အဲဒီစစ်တပ်အရာရှိဟာ နေပြည်တော်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်တည်ထားနေတဲ့ မာရဝိဇယရုပ်ပွားတော် တည်ဆောက်ရေးလုပ်ငန်းတွေမှာ အနီးကပ်ကြီးကြပ်နေတာလို့ ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
 
ဒါပေမယ့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် ရှိ၊ မရှိဆိုတာကိုတော့ အဲ့ဒီထုတ်ပြန်ချက်မှာ သီးခြားဖော်ပြထားတာ မရှိပါဘူး။
 
စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ၆၀ မမ လက်နက်ကြီး နဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုရှိပေမယ့် PDF တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ PDF တပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုသတင်းတွေ ဖော်ပြနေတဲ့ PDF Insight လူမှုကွန်ရက်စာမျက်နှာက ဖော်ပြပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီယာဉ်တန်းထဲက ကားနှစ်စီး ပျက်စီးသွားသလို တိုက်ခိုက်မှုဖြစ်ခဲ့တဲ့နေရာကို လူနာတင်ယာဉ်တွေ ရောက်လာတာလည်း တွေ့ရတယ်လို့ ပဲခူးတိုင်း PDF က ဖော်ပြထားပါတယ်။
ဒီကနေ့ မနက်ပိုင်းက အမြန်လမ်းပေါ်မှာ နေပြည်တော်ကနေ ရန်ကုန်ဖက် သွားတဲ့အခြမ်းမှာ ကားလမ်းပိတ်ဆို့ ထားတာတွေ ရှိခဲ့တယ်လို့ အမြန်လမ်းအသုံးပြုသူတွေဆီက သိရပါတယ်။
စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်မှုတွေနဲ့ စစ်ရေးအရှိန်မြှင့်တာတွေ လုပ်ဆောင်တော့မှာဖြစ်လို့ လမ်းပိုင်းတချို့ သွားလာခွင့်နဲ့ပတ်သက်ပြီး သတိထားကြဖို့ တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲက အခုလဆန်း မှာထုတ် ပြန်ထားပါတယ်။
 
ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ရန်ကုန် – မန္တလေးလမ်းဟောင်း၊ ရန်ကုန်- မန္တလေး အမြန်လမ်းမ၊ ပဲခူး – စစ်တောင်း လမ်းပိုင်း နဲ့ မွန်ပြည်နယ် ရန်ကုန် – မုတ္တမ၊ ရန်ကုန် – ဘားအံ လမ်းပိုင်းတွေကို နေ့စဉ် ည ခြောက်နာရီကနေ မနက် ခြောက်နာရီအတွင်း သွားလာတာ မလုပ်ဖို့ကို ကြေညာချက်မှာ ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ မေလ ၃၁ ရက်ကလည်း တောင်ငူအခြေစိုက် အမှတ် (၁၀၁၅) လေကြောင်းရန်ကာကွယ်ရေးတပ်က ဒုဗိုလ်မှူးကြီး ရဲနိုင် ဆိုသူဟာ အမြန်လမ်းပေါ်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Bago Region PDF