ဇွန်၊၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့နယ်မှာ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။
“ ပစ်ခံရတဲ့သတင်းကို ကျွန်တော်တို့ ကြားရတယ်၊ အပြင်ထွက်ပြီး ဈေးသွားဝယ်တာလို့ ပြောတယ်။ မြို့ပေါ်ဘက်မှာပဲ၊ ဖုန်းဆိုင်မှာ ဘာဝယ်တာလဲတော့ မသိဘူး၊ အပြန်မှာ ပစ်ခတ်ခံရတာ။သေ၊ မသေတော့ ကျွန်တော်တို့မသိဘူး။” လို့ ဆားတောင်မြို့ခံတဦး DNA ကို ပြောပါတယ်။
ဆားတောင်မြို့၊ ပင်းသင်းရပ်ကွက်က ဈေးမှာရှိတဲ့ ဖုန်းဆိုင်တဆိုင်မှာ ဇွန်လ ၂၅ရက်ဒီကနေ့ မနက်၈ နာရီခန့်မှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဈေးဝယ်နေတာကို စစ်ကောင်စီတပ်ဖွဲ့တွေက သတင်းရလို့ အပြန်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ ကိုယ်တိုင်မြင်ခဲ့ရတာတော့ မဟုတ်ဘူး၊ အသိတွေကနေ သိရတာပါ။ မေးကြည့်တော့လေ၊ ဒီလိုကာလမှာ ဘယ်သူက သွား ကြည့်ရဲမှာလည်း အကို။ အခုက မြို့ပေါ်မှာက တော်လှန်ရေးအင်အားစုတွေပဲ လှုပ်ရှားနေတာမဟုတ်ဘူး၊ စစ်တပ်ဘက်ကလည်း နေရာတိုင်းမှာ ကင်းပုန်းတွေ ရှိနေတာလေ။ ပြည်သူတွေတောင် မလိုအပ်ရင် ဘယ်သူကမှ အပြင်ထွက်ချင်ကြတာမဟုတ်ဘူး။” လို့ အဲဒီမြို့ခံက ပြောပါတယ်။
ပစ်ခတ်ရှင်းလင်းခံလိုက်ရတဲ့ နှစ်ဦးဟာ ဆားတောင်မြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ မိုးကြိုးအဖွဲ့မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦးဖြစ်တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်နိုင်က ပြောပါတယ်။
“ ကျွန်တော်မသိပဲနဲ့ ဖြေလို့ အဆင်မပြေပါဘူး၊ ကလေးနှစ်ယောက်ကျတယ်လို့၊ မိုးကြိုးထဲက ကျတယ်လို့ပဲ သိထားရတာ၊ ကျန်တဲ့ အချက်တွေက အသေးစိတ်ဘာမှ မသိရသေးဘူးဗျ။” လို့ ကိုသက်နိုင်က ပြောပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဆားတောင်ဈေးရှိ OK Mobile ဖုန်းဆိုင်မှာ ဈေးဝယ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို တွေ့ရှိခဲ့တာကြောင့် အပြန်မှာ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဓါတ်ပုံနဲ့တကွ ဝါဒဖြန့်ထားပါတယ်။
ဒါအပြင် PDF တပ်ဖွဲ့ဝင်နှစ်ဦးထံကနေ AK 47 သေနတ်တလက်၊ ကျည်အိမ် နှစ် ခု၊ ကျည် အတောင့်တရာနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လူမှုကွန်ရက်ကတဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆို ပေးခြင်းမရှိသေးပါဘူး။
Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်နိုင်နဲ့ အဖွဲ့ဝင်တွေလက်နက်အပြည့်အစုံနဲ့ ဆားတောင်ဈေးထဲကို သွားလာခဲ့တဲ့ ဗီဒီယိုရုပ်သံဖိုင်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်က ထုတ်ပြန်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
Photo-စစ်တပ်ထောက်ခံတယ်လီဂရမ်