ဒုံသမိ စစ်ဆေးရေးဂိတ်တိုက်ပွဲအတွင်း အရပ်သားနှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

ဇွန်၊ ၂
 
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဒုံသမိ တံတား စစ်ဆေးရေးဂိတ်ကို ဇွန်လ ၁ ရက် နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ခိုက်ရာမှာ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
 
“ ကျွန်တော်တို့သိတာက ခရီးသွားတဲ့သူတွေပဲ၊ နှစ်ဦးသေတယ်ပေါ့၊ သုံးဦးဒဏ်ရာရတယ်ပေါ့နော်၊ ယောက်ျားဘယ်နှစ်ဦး၊ မိန်းကလေး ဘယ်နှစ်ဦးလဲဆိုတာလည်း မသိဘူး၊ သေတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေလေ၊ ဘာလို့ဆိုတော့ အဲဒီပစ်ခတ်မှုဖြစ်ပြီးတော့ အဲဒီနေရာကို စစ်သားတွေအများကြီး ရောက်လာတာ မသွားရဲကြဘူးလေ။ အခုဆေးရုံကြီးမှာလို့ သိရတယ်။ ပစ်ခတ်မှုဖြစ်တဲ့အချိန်ကလည်း ပစ်ခတ်အသံတွေက ကြောက်ဖို့ကောင်းတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
သေဆုံးသူနှစ်ဦးနဲ့ ဒဏ်ရာရသူသုံးဦးဟာ ဘယ်သူတွေဖြစ်တယ်၊ ဘယ်အဖွဲ့က ပစ်ခတ်လို့ သေဆုံး၊ ဒဏ်ရာရတယ် စတဲ့အသေးစိပ်အချက်အလက်တွေကိုတော့ Delta News Agency က သီးခြားအတည်မပြုနိုင်ပါဘူး။
 
ဒါ့အပြင် ကားနှစ်စီး မီးလောင်ပျက်စီးမှုရှိခဲ့တဲ့အပြင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒူးရင်းဆိပ်ကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းနဲ့ နေအိမ် ခြံစည်းရိုးတချို့ ထိခိုက်ပျက်စီးမှုလည်း ဖြစ်ပွားခဲ့တယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
 
တိုက်ပွဲအတွင်း စစ်ကောင်စီဘက် နှစ်ဦးသေဆုံးခဲ့ပြီး ငါးဦးခန့်ဒဏ်ရာရကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က တဦးကျဆုံးတယ်လို့ အဲဒီတိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တဦးက ပြောပါတယ်။
 
“ သေတာက နှစ်ဦးသေတယ်၊ သူတို့ဘက်ကပေါ့နော်၊ ငါးဦးလောက် ဒဏ်ရာရတယ်၊ အရပ်သား ထိခိုက်သေဆုံးတာလည်း ရှိတယ်လို့ သိရတယ်၊ ဘယ်နှစ်ဦးလည်းတော့ သေချာမသိဘူးပေါ့နော်။ ကျွန်တော်တို့ဘက်ကတော့ တဦးကျတယ်။ အသေးစိတ်ကို ထုတ်ပြန်ပါ့မယ် ” လို့ အဲဒီ PDF တပ်ဖွဲ့ဝင်က ဆိုပါတယ်။
 
သထုံဘက်ခြမ်းနဲ့ ကရင်ပြည်နယ်ဘက်ခြမ်းမှာ ရှိတဲ့ ဒုံသမိတံတားစစ်ဆေးဂိတ် နှစ်ဖက်စလုံးကို ဇွန်လ ၁ ရက်၊ မနက် ၆ နာရီခန့်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၄) နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
 
နှစ်ဖက်ပစ်ခတ်မှုက တနာရီနီးပါး ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်အသုံးပြုခဲ့တယ်လို့ ကေအဲန်ယူသထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကျော်မြင့်က ပြောပါတယ်။
 
“ အခုက တံတားက အလယ်ပေါ့ဗျာ၊ ဟိုဘက်ခြမ်းလည်း ဂိတ်ရှိတယ်၊ ဒီဘက်ခြမ်းလည်း ဂိတ်ရှိတယ်၊ အဲဒီနှစ်ဖက်လုံးကို ဝင်ပစ်တာ သူတို့မှာ တဖက်ကို အနည်းဆုံး မရှိဘူးဆို ဆယ်ဦးအထက်မှာ ရှိတယ်ပေါ့နော်၊ သူပစ်ကိုယ်ပစ်ပဲဗျ၊ ဒီဘက်က စခန်းသိမ်းတိုက်ပွဲပုံစံမျိုး ဖော် ဆောင်တာပေါ့နော်၊ ပစ်ခတ်မှုဖြစ်တဲ့အချိန် ဒီကောင်တွေ အထိနာတော့ ထွက်ပြေးသွားတယ် ” လို့ ဦးကျော်မြင့်က ဆိုပါတယ်။
 
နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးခဲ့တဲ့သူတွေထဲမှာ ဒုရဲမှူးတစ်ဦးလည်း ပါဝင်တယ်လို့ ပြောဆိုမှုရှိနေပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိသေးပါဘူး။
 
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ ဒုရဲအုပ် သိန်းဝေဖြိုး၊ ရဲတပ်ကြပ်ကြီး စိုးအောင်၊ တပ်သား ဖြူလှတို့ သုံးဦးက ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး သထုံခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေထံကနေ လက်နက်မျိုးစုံ ငါးလက်၊ ကျည်ဘောက်တွေနဲ့ ကျည်ဆန်တွေသာမက အခြားဆက်စပ်ပစ္စည်းတချို့လည်း သိမ်းဆည်းရမိခဲ့ တယ်လို့ ဦးကျော်မြင့်က ဆိုပါတယ်။
 
ပစ်ခတ်မှု ဖြစ်ပွားနေတဲ့အချိန်မှာလည်း ခရီးသွားကားတွေ အချိန် နှစ်နာရီနီးပါး လမ်းပိတ်ဆို့တာတွေ ဖြစ်ပွားခဲ့သလို စစ်ကောင်စီ တပ်ဖွဲ့တွေ အင်အားအများအပြားနဲ့ ရောက်ရှိလာပြီး ပူးပေါင်းတပ်ဖွဲ့တွေ လှုပ်ရှားရာနယ်မြေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်သွားတာကြောင့် ကျေးရွာအတွင်း တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – စစ်တပ်ထောက်ခံ တယ်လီဂရမ်