မေ၊ ၁၀
ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ် မှာ မေလ၁ရက်နေ့ကနေဒီကနေ့မေလ၁၀ရက်နေ့အထိ သေနတ်ဒဏ်ရာတွေနဲ့သေဆုံးပြီးစွန့်ပစ်ခံထားရတဲ့သေဆုံးသူ ၁၀ဦးရှိပြီးတရက်တလောင်နှုန်းဖြစ်နေတယ်လို့ DNAသတင်းဌာနကလေ့လာတွေ့ရှိရပါတယ်။
“ညကလဲ နှစ်ယောက် မျောက်ဖြူဆရော်ခဖက် ညောင်ပင်ကုန်းနားမှပစ်သတ်ခဲ့တယ်လို့ကြားတယ်။ ဘယ်ကတွေလဲတော့မသိဘူး ။ဘယ်သူမလဲမစုံစမ်းရဲကြဘူး ။နှစ်ဦးနှစ်ဘက်အပြန်အလှန်လုပ်နေကြတယ်” လို့ဖားကန့်ဒေသခံတယောက်က DNA ကိုပြောပါတယ်။
သေဆုံးသူတွေဟာလူငယ်နဲ့လူလတ်ပိုင်းအရွယ်အမျိုးသားတွေဖြစ်ကြပြီး ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ အရောင်းအဝယ်လုပ်ကိုင်သူ ၊ ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေဖြစ်တယ်လို့လည်းဒေသခံတွေကဆိုကြပါတယ်။
သေဆုံးသူတွေဟာ လက်နက်ကိုင်အဖွဲ့စည်းတွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊PDFစတဲ့လက်နက်ကိုင်တွေနဲ့ပါဝင်ပါတ်သတ်ခြင်းမရှိကြဘူးလို့လဲ ဒေသခံတွေကပြောပါတယ်။
DNAအနေနဲ့တော့ တိတိကျကျအတည်မပြုနိုင်သေးပါဘူး။
အခုတွေရှိရတဲ့အလောင်းတွေနဲ့ ပတ်သက်လို့ ဘယ်သူတွေကျူးလွန်တယ်ဆိုတာ အတိအကျသိရတာမရှိသလို ဘယ်အဖွဲ့အစည်းကမှထုတ်ပြန်ပြောဆိုကြတာလည်းမရှိပါဘူး။
ဖားကန့်မြို့၊ မရှိကထောင်ရပ်ကွက် ကြိုးတံတားထိပ်မှာ အမျိုးသားတဦးကိုမေလ ၁ ရက်နေ့မှာ စစ်ကောင်စီက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဖားကန့်မြို့က ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင်အေးမြသာယာအုပ်စု ၊ညောင်ပင်ကုန်းအနီးတွင်လည်း မေလ ၄ ရက်နေ့က အသက် ၂၀ နှစ်ခန့်အရွယ် အမျိုးသားနှစ်ဦးကိုဓားဒဏ်ရာနဲ့ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရပါသေးတယ်။
မေလ ၅ ရက်မှာလည်း ရှရော်ခကျေးရွာနဲ့ မျောက်ဖြူကျေးရွာသွားတဲ့လမ်းမှာ နှိပ်စက်ခံထားရတဲ့ဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦးရဲ့ အလောင်းတွေကိုလည်း ဒေသခံတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအဝင် ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ်မှာလည်း သေနတ်နဲ့ပစ်သတ်ခံထားရသည့် အမျိုးသားနှစ်ဦးရဲ့ရုပ်အလောင်းကို မေလ၆ရက်နေ့ကထပ်တွေ့ခဲ့ရပါသေးတယ်။
သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို မနေ့ကမေလ၉ရက်၊နံနက် ၆ နာရီအချိန်က ဖားကန့်မြို့ မရှီကထောင်အုပ်စုမှာ တွေ့ခဲ့ရတယ်လို့လည်းဒေသခံတွေကဆိုပါတယ်။
“ဖားကန့်မြို့ကဒေသခံတွေအနေနဲ့ငါ့အလှည့်ဘယ်တော့များကျမလဲလို့လူတိုင်းလူတိုင်းကစိုးရိမ်နေကြသလိုကိုယ်ကိုယ်တိုင်လဲငါ့အလှည့်ဘယ်တော့ကျမလဲစိုးရိမ်နေရပါတယ်။ ဒါဟာ ဥပဒေမဲ့ လုပ်ရပ်တွေဖြစ်တယ်” လို့ဖားကန့်မြို့ကဒေသခံတဦးကဆိုပါတယ်။
Photo CJ