အသစ်ခေါ်ထားတဲ့ လူငယ်လေး ဆန်းတို့စ်ကို အသင်းဟောင်းဆီ ချဲလ်ဆီး အငှားပြန်ချ


မတ်၊ ၃

ချဲလ်ဆီး အသင်းဟာ ဆောင်းရာသီကမှ အငှားခေါ်ယူထားတဲ့ ဘရာဇီး လူငယ် ကစားသမားလေး အန်ဒရီ ဆန်းတို့စ်ကို အသင်းဟောင်း ဗာစကို ဒဂါးမားဆီ အငှားပြန်လည် စေလွှတ်လိုက်ပါတယ်။

 အသက် ၁၈ နှစ်အရွယ် ဆန်းတို့စ်ကို ချဲလ်ဆီးက အသင်းမှာ ထားရှိလိုပေမယ့် ဗြိတိန်မှာ အလုပ်လုပ်ခွင့် ပါမစ် မရခဲ့တာကြောင့် အငှားပြန်ချဖို့ ဆုံးဖြတ်ခဲ့ရတာပါ။ အဲဒီပါမစ် မရတဲ့အတွက် ဆန်းတို့စ်ဟာ ချဲလ်ဆီး အသင်းမှာလည်း ပါဝင် ကစားခွင့် မရှိပါဘူး။

 အသက် ၂၀ အောက် ဘရာဇီး လက်ရွေးစင် ကစားသမားလေးဟာ ဇန်နဝါရီလတုန်းက ဗာစကို ဒဂါးမားကနေ ချဲလ်ဆီးကို စတာလင်ပေါင် ၁၈ သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ သူဟာ ဘရာဇီး ဘောလုံးလောကရဲ့ အနာဂတ် ကြယ်ပွင့်လေး တဦးအဖြစ် အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံထားရသူလည်း ဖြစ်ပါတယ်။

 သူဟာ ဘရာဇီးကလပ် ဗာစကို ဒဂါးမားအတွက် အသက် ၁၆ နှစ် အရွယ်မှာ စတင် ပွဲထွက်ခဲ့သလို ကလပ်အသင်းကို အဆင့်မြင့်တန်း ပြန်တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ လမှာတော့ ဆန်းတို့စ်ဟာ တောင်အမေရိက အသက် ၂၀ အောက် တံခွန်စိုက်ဖလား ပြိုင်ပွဲမှာ ဘရာဇီး အသင်း ဗိုလ်စွဲနိုင်အောင် အဓိက နေရာက ကူညီခဲ့ပါတယ်။

 ချဲလ်ဆီးအနေနဲ့ သတ်မှတ်ကာလ တခုအရောက်မှာ ဆန်းတို့စ်အတွက် နောက်တကြိမ် အလုပ်လုပ်ခွင့် ပြန်လျှောက်ထားမှာဖြစ်ပြီး ဒီအတောအတွင်းမှာတော့ ကစားသမားရဲ့ တိုးတက်မှုအတွက် ဘရာဇီးကို ပြန်လည် စေလွှတ်ထားတယ်လို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

 ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရုန်းကန်နေရတဲ့ ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ဆန်းတို့စ် အပါအဝင် ကစားသမားသစ် ၈ ဦးထိ အားဖြည့် ခေါ်ယူခဲ့ပါတယ်။