ချဲလ်ဆီးကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဝင်ခွင့် သေချာစေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

မေ၊ ၂၆

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချဲလ်ဆီးကို ဂိုးပြတ် အနိုင်ယူပြီး လာမယ့်ရာသီ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲအတွက် နောက်ဆုံးလက်ကျန် တနေရာစာကို သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

 ရုန်းကန်နေရတဲ့ ချဲလ်ဆီးအသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ၄-၁ နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့နောက် ယူနိုက်တက်ဟာ ဘောလုံးရာသီ မပြီးဆုံးခင် ၁ ပွဲလက်ကျန် ရှိချိန်မှာ ခါးသီးပြိုင်ဘက်ကြီး လီဗာပူးကို ၆ မှတ်ထိ ဖြတ်ထားလိုက်နိုင်ပြီ ဖြစ်ပါတယ်။ လီဗာပူးကတော့ လာမယ့်ရာသီမှာ တဆင့်နိမ့် ဥရောပ ပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ် ဝင်ခွင့်သာ ရရှိခဲ့ပါတယ်။

 ယူနိုက်တက်အတွက် ဂိုးတွေကို ကက်စ်မဲရိုး၊ အန်သိုနီ မာစီရယ်လ်၊ ဘရူနို ဖာနန်ဒက်စ်နဲ့ မားကက်စ် ရက်ရှ်ဖို့ဒ်တို့က သွင်းယူခဲ့ပြီး ချဲလ်ဆီးအတွက် တလုံးတည်းသော ချေပဂိုးကို ပွဲပြီးခါနီးမှာ ယာအို ဖီးလစ်က ကန်သွင်းခဲ့တာပါ။ အမှတ်ပေးဇယား ရပ်တည်မှုအရ ယူနိုက်တက်ဟာ ချန်ပီယံ မန်ချက်စတာစီးတီးအပြင် အာဆင်နယ်၊ နယူးကာဆယ် ယူနိုက်တက်တို့နဲ့အတူ ထိပ်ဆုံး ၄ သင်းမှာ ပါဝင်ဖို့ သေချာသွားပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

 ဒါပေမဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရပြီး ဂိုးပြတ်နိုင်ခဲ့ခြင်းက ယူနိုက်တက်အတွက် ရာနှုန်းပြည့် ပျော်စရာတော့ မဖြစ်ခဲ့ပါဘူး။ တောင်ပံ ကစားသမား အန်တိုနီဟာ ချဲလ်ဆီး နောက်ခံလူ ထရီဗို ချာလိုဘာရဲ့ ဖျက်ထုတ်မှုကြောင့် ခြေထောက် အောက်ပိုင်းမှာ ဒဏ်ရာရပြီး ထမ်းစင်နဲ့ ထွက်ခွာသွားရပါတယ်။ ယူနိုက်တက်ဟာ လာမယ့် နှစ်ပတ်လောက်မှာ မြို့ခံပြိုင်ဘက် စီးတီးနဲ့ အက်ဖ်အေ ရှုံးထွက်ဖလား ဗိုလ်လုပွဲစင် ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် အန်တိုနီရဲ့ ဒဏ်ရာက စိုးရိမ်စရာ ဖြစ်လာပါတယ်။

 အသင်းမန်နေဂျာ အဲရစ်တန်ဟက်ဂ်က အန်တိုနီရဲ့ ဒဏ်ရာ ပြင်းတယ်ဆိုတာကိုတော့ ပြောနိုင်ကြောင်း၊ အခြေအနေ အတိအကျ သိရဖို့ကိုတော့ အနည်းဆုံး ၂၄ နာရီလောက် စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း မှတ်ချက် ပေးသွားပါတယ်။

 ချဲလ်ဆီး အတွက်ကတော့ ဆယ်စုနှစ် နှစ်ခုလောက် ကာလအတွင်း အဆိုးဆုံး ဘောလုံးရာသီကို ဖြတ်သန်းနေရတဲ့ အခြေအနေက အတောမသတ်နိုင်သေးပါဘူး။ လန်ဒန် အခြေစိုက် ကလပ်အသင်းဟာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့နောက် မန်နေဂျာ ဂရေဟမ် ပေါ့တားကို ထုတ်ပယ်ပြီး ဖရန့်ခ်လမ်းပတ်ကို ယာယီ မန်နေဂျာအဖြစ် ခန့်အပ်ထားပေမယ့် ၁၀ ပွဲ ကစားရာမှာ ၈ ပွဲထိ ရှုံးနိမ့်ထားခဲ့ပါတယ်။

 အခုရာသီမှာ မှတ်တမ်းသဘော သက်သက်နဲ့သာ ကစားနေရတဲ့ အခြေအနေမှာ လမ်းပတ်ဟာ ယူနိုက်တက်နဲ့ ပွဲစဉ်အတွက် ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် သမိုင်းတလျှောက် ပျမ်းမျှ အသက်အငယ်ဆုံး အသင်းကို ပွဲထုတ်ခဲ့ပြီး အသက် ၁၈ နှစ်သာ ရှိသေးတဲ့ တောင်ပံ ခံစစ်သမားလေး လီဝစ်ဟောလ်ကိုလည်း ပွဲထွက်စေခဲ့ပါတယ်။

 ၁၉၉၄ ခုနှစ်နောက်ပိုင်း ချဲလ်ဆီးဟာ အဆိုးရွားဆုံး အမှတ်ပေးဇယား ရပ်တည်မှုနဲ့ ရာသီသိမ်းရဖို့ ပိုမို နီးစပ်လာနေပြီး ရာသီကုန်မှာတော့ အာဂျင်တီးနား နိုင်ငံသား ဘောလုံးမန်နေဂျာ မော်ရစ်စီယို ပိုချက်တီနိုက လွှဲပြောင်း တာဝန်ယူသွားမယ်လို့ သတင်းတွေ ခိုင်ခိုင်မာမာ ထွက်ပေါ်နေပါတယ်။