ပုလောမြို့ကတိုက်ပွဲအတွင်း အမျိုးသမီးတဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံး

မေ၊ ၂၅
 
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မကျည်းကုန်းရွာမှာ မေလ ၂၄ ရက်မနေ့က စစ်ကောင်စီတပ်နဲ့ PDF ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတခုအတွင်းမှာ အမျိုးသမီးတဦးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
 
“ ပြောတာက ကောင်မလေးတယောက်နဲ့ ကောင်လေးတယောက်ဆုံးသွားတယ်၊ ကလေးမလေးကတော့ ရွာခံတော့ မဟုတ်ဘူး၊ အမျိုးသားကတော့ ပုလောကလို့ သိထားရတယ်၊ သူကတော့ ဒီမနက်မှာမှ သေတယ်လို့ပြောတယ်။ ကောင်မလေးက ဆေးရုံရောက်မှလို့ သေတယ်လို့ ကျွန်တော်တို့ သိထားရတယ် ” လို့ ပုလောဒေသခံတဦးက ပြောပါတယ်။
 
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့တဲ့သူဟာ အသက် ၃၀ နှစ်ဝန်းကျင်အရွယ် အမျိုးသားတဦးနဲ့ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ ပိန်းတောရွာနေထိုင်သူအသက် ၂၆ နှစ်အရွယ် မမြတ်မိုးလတ်တို့ ဖြစ်ပါတယ်။
 
မမြတ်မိုးလတ်ဟာ မြိတ်ကနေ ထားဝယ်မြို့ကို လိုင်းကားနဲ့ခရီးသွားနေချိန် ယခုလိုပစ်ခတ်ခံရတာဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာနတခု ဖြစ်တဲ့ Dawei Watch က ရေးသားထားပါတယ်။
 
မြိတ်နဲ့ ထားဝယ်ကို ဆက်သွယ်ထားတဲ့ အဝေးပြေးကားလမ်းကြီး ပုလောမြို့အနီး မကျည်းကုန်းရွာစစ်ဆေးရေးဂိတ်ကို မနေ့က မေလ ၂၄ ရက် နံနက် ၁၀ နာရီကျော်ခန့်မှာပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
 
အဲဒီပစ်ခတ်မှုဖြစ်ပွားနေချိန်အတွင်းမှာ မြိတ်ကနေ ထားဝယ်ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ကားတစီးကို မှားယွင်းပစ်ခတ်မိခဲ့ပြီး ကားပေါ်ပါလာတဲ့ အမျိုးသမီးတဦး ကျည်ထိမှန်ခဲ့သလို တိုက်ပွဲနေရာအနီးမှာရှိတဲ့ အမျိုးသားတဦးလည်း ကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။
 
“ ရုတ်တရက်တိုက်ပွဲထဖြစ်တော့ ကားကလည်း သူ့ဟာသူ ဆင်းလာတာ၊ အဲဒါကားနောက်ဘက်ခြမ်းကို ပစ်ခံရတာ၊ ပေါင်မုန့်ကား ပေါ့ဗျာ ကျွန်တော်တို့ ခေါ်တာက၊ ခရီးသည်တင်လာတဲ့ ကားပေါ့။ အဲဒီကောင်မလေးကို ဦးခေါင်ကို ထိသွားတာ၊ အဲဒီဂိတ်မှာရှိနေတဲ့ အမျိုးသားတဦးလည်း ကျည်ထိမှန်သွားတာပေါ့။ တချို့ပြောတာက အဲဒီကောင်လေးနဲ့ ဆိုင်ကယ်နဲ့လာတာလို့ ပြောတယ်၊ အဲဒါတော့ သေချာမသိဘူးပေါ့နော်၊ ပစ်ခတ်မှုကတော့ နာရီဝက်ကျော်လောက်ရှိမယ် လို့ ပြောတယ် ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
သေဆုံးသူနှစ်ဦးဟာ နှစ်ဖက်တိုက်ပွဲကြားမှာ ကျည်ဆံထိမှန်သေဆုံးခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့ရဲ့လက်ချက်နဲ့ဆိုတာကို DNA သတင်းဌာနအနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
လက်ရှိမှာတော့ ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်၊ ကင်းပုန်း၊ ကင်းစခန်း၊ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့နေရာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က နေ့စဉ်နဲ့အမျှ ဝင်ရောက်တိုက်ခိုက်နေတာပါ။
 
နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် အရပ်သားတွေအနေနဲ့ မလိုအပ်ဘဲ အပြင်ထွက်သွားလာတာတွေ မလုပ်ကြဖို့နဲ့ စစ်ကောင်စီတပ်နဲ့ နီးနီးကပ်ကပ်သွားလာတာတွေ မလုပ်ကြဖို့ကို PDF ရဲဘော်တွေက သတိပေးထားပါတယ်။
ဓာတ်ပုံ – ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်း – မြိတ်မြို့