ကလေးတက္ကသိုလ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ဧပြီ၊ ၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ဧပြီလ ၄ ရက် ဒီကနေ့ မနက်အစောပိုင်း ငါးနာရီဝန်းကျင်မှာ ချင်းကာကွယ်ရေးတပ် CDF CDM SIYIN က ချုံခိုတိုက်ခိုက်ပြီး လက်နက်တချို့သိမ်းဆည်းရမိခဲ့တယ်လို့ အဲ့ဒီအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။
 
” မနက်အစောကြီးဖြစ်တာ၊ လက်နက်ငယ်သံတွေကတော့ မကြားလိုက်ရဘူး၊ တောင်ဖီလာတောင်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ထုမှ ကလေးတက္ကသိုလ်ဝင်တိုက်သွားတာ သိရတာ၊ ကျောင်းနားက ခိုင်ကမ်းဂိတ်မှာဆိုလည်း စစ်တပ်က အင်အားတော်တော်ချထားတာဗျ၊ တင်းကျပ်တယ်၊ ဒါကိုရအောင်ဝင်တိုက်သွားတာ အံ့သြနေကြတယ် ” လို့ ကလေးမြို့အနောက်ပိုင်း တက္ကသိုလ်အနီးဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။
 
တက္ကသိုလ်ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်တာကနေ လက်နက်တချို့ရရှိတယ်လို့ ထုတ်ပြန် ထားပေမယ့် လက်နက်အရေအတွက်နဲ့ အမျိုးအစားကို CDF CDM SIYIN ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
 
ကလေးတက္ကသိုလ်ကို တိုက်ခိုက်ခံရပြီးပြီးချင်း စစ်ကောင်စီက ကလေးမြို့အနောက်ဘက် ချင်းပြည်နယ် နယ်စပ် ခိုင်ကမ်းဂိတ်ကို ပိတ်ထားတာကြောင့် ကလေးမြို့ကနေ ချင်းတောင်တက်မယ့် ကားနဲ့ ဆိုင်ကယ်တွေရော ချင်းတောင်ကနေ ကလေးဘက်ဆင်းလာတဲ့ ကားနဲ့ ဆိုင်ကယ်တွေရော ဖြတ်သန်းလို့မရဘဲ ရပ်စောင့်နေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီက မြေပြင်ရောလေကြောင်းကပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေချိန်မှာ တော်လှန်ရေးအဖွဲ့တွေက မြို့ပေါ်မှာ တုန့်ပြန်မှုတွေ လုပ်ဆောင်နေကြတာပါ။
 
ကလေးမြို့ပြပျောက်ကျားအဖွဲ့ကလည်း ဧပြီလ ၂ ရက်ညပိုင်းက တာဟန်းရဲစခန်း၊ စစ်ကောင်စီအဖွဲ့ဝင်တွေ ရောက်နေတဲ့ ဘူတာမီးပွိုင့်၊ RTCဝင်း၊ ၂၂၈ တပ်အနီးတို့မှာ ဗုံးခွဲခဲ့တာကြောင့် စစ်ကောင်စီအဖွဲ့ဝင်တွေ ပြာယာခတ်သွားခဲ့ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
စစ်ကောင်စီဟာ ကလေးမြို့နယ်မြောက်ပိုင်းကို မတ်လ ၃၀ ရက်ကစလို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ဧပြီလ ၃ ရက်နေ့မှာတော့ သုံးကြိမ်မြောက်လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေလည်း ညပိုင်းအထိ အဆက်မပြတ်ပစ်ခတ်ခဲ့ပါတယ်။
 
စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် ပျဥ်းတောဦးကျေးရွာက နေအိမ်သုံးလုံး မီးလောင်ခဲ့ပြီး အခြားထိခိုက်ပျက်စီးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
 
” လက်နက်ကြီးက နှစ်လုံးတွဲတွေ ပစ်တာဗျာ၊ မီးလုံးတွေဒီအတိုင်းမြင်နေရတာ၊ လေကြောင်းကနေ ပျဥ်းတောဦးကို ပစ်တော့ ချင်းလူမျိုးတွေ တနေရာမှာစုပြီး ဘုရားသခင်ဆီ ငိုသံတွေနဲ့ ဆုတောင်းကြတာ စိတ်ထဲမှာ တော်တော်ခံစားရတယ် ” လို့ ကလေးမြောက်ပိုင်း စစ်ရှောင်တဦးက ပြောပါတယ်။
 
ကလေးမြို့နယ်မြောက်ပိုင်းမှာ မနေ့ကညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း နှစ်ဘက်လုံးထိခိုက်မှုရှိတယ်လို့သာ သိရပြီး အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။
 
စစ်ကောင်စီရဲ့စစ်ကြောင်းထိုးတိုက်ခိုက်မှုကြောင့် ကလေးမြို့နယ်မြောက်ပိုင်းက ဒေသခံသောင်းချီစစ် ဘေးရှောင်နေကြရပြီး အရေးပေါ်လိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေဆီက သိရပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့မတ်လကတည်းက ချင်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ ကလေးဒေသ၊ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု ဒေသတွေကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ – CJ