ထီးလင်းနယ်ထဲ စစ်ကြောင်းထိုးနေတဲ့စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရ

ထီးလင်းမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ( ၁၄) ရက် ဒီကနေ့ မွန်းလွဲပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖြစ်တဲ့ YRA က စောင့်ကြိုတိုက်ခိုက်တာကြောင့် စစ်သားတ ဦးသေပြီး ဆယ်ဦးဝန်းကျင် ဒဏ်ရာရတယ်လို့ YRA က ထုတ်ပြန်ပါတယ်။

“သူတို့စစ်ကြောင်းလာတာမှာ ကျွန်တော်တို့ရဲ့ ကင်းထောက်ရဲဘော်က စနိုက်ဘာနဲ့ပစ်တာ တယောက်သေတယ်၊ အဲ့ဒါကသေချာတယ်၊ ဟိုဘက်ကသေနတ်တွေနဲ့ ပစ်ကြတော့ နောက်ကတပ်ခွဲက နေ လက်နက်ကြီးနဲ့ထုတာပေါ့၊ ထုတုန်းကတော့ ထိတယ်မထိတယ်မသိဘူး၊ သူတို့ပြန်ဆုတ်ပြီးအောင်းရွာကို ဝင်သွားတာမှာ ကျွန်တော်တို့ ကင်းထောက်တွေက ဒဏ်ရာရတဲ့သူတွေကို တွေ့လိုက်ရတာ” လို့ YRA ဗျူဟာမှူး သခင်ဇော်က ပြောပါတယ်။

ညောင်ဟောင်းရွာကို စစ်ကြောင်းထိုး ဝင်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အထိနာတဲ့အတွက် အဲ့ဒီရွာကို မဝင်တော့ပဲ အောင်းရွာဘက်ကို ပြန်ဆုတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်း အောင်းရွာကို ဆုတ်ခွာချိန်မှာ ထမ်းစင်နှစ်ခု၊ ကျောပိုးပြီး သယ်ဆောင်သွား သူနှစ်ဦးနဲ့ တွဲခေါ်ဆောင်သွားရသူ ငါးဦးကို YRA ကင်းထောက်ရဲဘော်တွေက တွေ့လိုက်ကြရတယ် လို့ ဆိုပါတယ်။

ဒီကနေ့ တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကနေ ထွက်လာတဲ့ စစ် ကြောင်းဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အင်အားဖြည့်ထားတဲ့ ထီးလင်းမြို့ပေါ်တပ်က တပ်သား အသစ်တွေလည်း ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲဖြစ်တယ်၊ အကျိုးအကြောင်းက ညနေမှသိရတာ၊ အဲ့ရွှေအောင်သာတပ်က ဟာတွေက စားစရာ မရှိတော့ဘူးဆိုရင် အနီးအနားရွာတွေ ထွက်ပြီးရှာတော့တာ၊ ခိုင်းနွားမှန်းမသိ ဘာမှန်းမသိသတ်စား၊ တိရိစ္ဆာန်ထက်ကိုဆိုးတာ၊ တိရိစ္ဆာန်ကမှ ကိုယ့်ကျွေးတဲ့သခင်ဆို သိသေးတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ထီးလင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
ဒီနေ့မှာ စစ်ကောင်စီစစ်ကြောင်းထိုးဖို့လာတဲ့ ညောင်ဟောင်းကျေးရွာက ပြည်သူတွေဟာလည်း တိမ်း ရှောင်နေကြပြီး အောင်းရွာက ပြည်သူတွေကတော့ ရွာကိုစွန့်ခွာတိမ်းရှောင်နေကြတာ ခြောက်လဝန်း ကျင်ရှိပြီလို့ ဒေသခံတွေဆီက သိရပါတယ်။