လက်ရှိ မြန်မာပြည်မှာ ထွန်းကားနေတဲ့ ဝါဒ နှစ်ခုကတော့ — လစ်ဘရယ်ဝါဒလည်း မဟုတ်ဘူး၊ ဒီမိုကရေစီလည်း မဟုတ်ဘူး။ လက်ရှိ မြန်မာပြည်မှာ ထွန်းကားနေတဲ့ ဝါဒ နှစ်ခုကတော့ — လူအုပ်ဝါဒနဲ့ လက်နက်ဝါဒသာ ဖြစ်တယ်။ ဘက်အသီးသီးဟာ — “ငါတို့သည် ဓမ္မဘက်တော်သားများ ဖြစ်ကြသည်” ဟု ဘယ်လိုပဲ ပြောနေ ပြောနေ၊ လုပ်နေ ကိုင်နေ ပြောနေ ဆိုနေ၊ ပြုမူနေတဲ့ အရာတိုင်းဟာ ဓမ္မနဲ့ မလျှော်ညီသော အခြင်းအရာတွေ ဖြစ်ကြောင်း ဒုလိုက်ဒေးလိုက်တွေ့နေရပါတယ်။ ဒါဟာ လောကရဲ့ သဘောလေလား၊ ကမ္ဘာစနစ်ကြီး ကိုယ်၌က ဤသို့ ဤပုံဖြစ်အောင် လုပ်နေတာလားလို့ တွေးချင်စရာရှိပါတယ်။
■ မမှား… သို့သော် မမှန်
လူအုပ်အားကြီးတဲ့သူဟာ လူအုပ်ကို အားကိုးတယ်။ လက်နက်အားကြီးတဲ့သူဟာ လက်နက်ကို အားကိုးတယ်။ ဓမ္မရှိတဲ့သူကတော့ ဓမ္မကို အားကိုးတယ်။ ဒါပေမယ့် လူအုပ်ကြီးဟာ ဓမ္မကို သကာအုပ်ပြီးတော့ အဓမ္မဝါဒကို ကျူးလွန်နေတယ်ဆိုရင်တော့ ဒါကို ဘယ်လို အရာက ပဲ့ပြင်နိုင်ပါသလဲ။ ထိုနည်းတူစွာ လက်နက်ရှိသူဟာ ဓမ္မကို ခဏ ခဏ ကြွေးကြော်လျက် လူသတ်ခြင်းအလုပ်ကို လုပ်နေတဲ့အခါ ဓမ္မကို ဘယ်လို ယုံကြည်ရပါမလဲ။
လူ့လောကမှာ – “မမှား… သို့သော် မမှန်” ဆိုတဲ့ အခြင်းအရာတွေ မြောက်မြားစွာ ရှိနေပါလိမ့်မယ်။ ထိုနည်းလည်းကောင်း မှားခြင်း မှန်ခြင်းကို တရားခြင်း မတရားခြင်းနဲ့ သတ်မှတ်တာထက် လူများများ ဘယ်လောက်ထောက်ခံကြသလဲဆိုတဲ့ ညွှန်းကိန်းအပေါ်မှာ တိုင်းတာတာတွေလည်း ရှိနေပါတယ်။ လက်နက်အားကြီးသူသာ အနိုင်ရစတမ်းဆိုတဲ့ အတွေးအခေါ် အယူအဆဟာ — တောတွင်းဥပဒေသ အသက်ဝင်နေတဲ့လူ့အဖွဲ့အစည်းမှာ အဓိကဝါဒ ဖြစ်နေပါတယ်။
■ မီးထိုးပေးသူ
လူအုပ်ကြီးက လက်နက်ကိုင်ကြတဲ့အခါမှာ၊ လူ့အဖွဲ့အစည်းထဲမှာ တရားမျှတမှု ဖြစ်ထွန်းဖို့ ဘယ်လိုအရာက အထိန်းအကျောင်း ပြုနိုင်ပါသလဲ။ ဒါကို ရဲရဲမေးရဲတဲ့သူ ရှိပါသလား။ အကယ်၍ လူအများဟာ ဒီမိုကရေစီကို တကယ် ယုံကြည်သက်ဝင်တယ်ဆိုရင် ထိန်းကျောင်းတဲ့စနစ်ကို လက်ခံရပါလိမ့်မယ်။ ထိန်းကျောင်းမှု မရှိတဲ့ စနစ်ကို သက်ဆိုးရှည်စေခြင်းဟာ အသစ်အသစ်သော အာဏာရှင်တွေကို မွေးမြူပေးတာနဲ့ အတူတူပါပဲ။
လူအုပ်ကြီးဟာ ခုခံပိုင်ခွင့်အတွက် လက်နက်ကိုင်ခွင့်ရှိတယ်။ သို့သော် ထိန်းကျောင်းမှုကိုတော့ လက်ခံရလိမ့်မယ်။
- ထိန်းကျောင်းမှုကိုလည်း အလိုမရှိ၊
- ထိန်းထေမှုကိုလည်း မနှစ်ခြိုက်၊
- ကျင့်ဝတ်ကိုလည်း မလိုက်နာ၊
- စည်းမျဉ်းကိုလည်း မစောင့်စည်း။
ဒါဆိုရင်တော့ ဒါဟာ ဒီမိုကရေစီ မဟုတ်။ လူအုပ်ကြီးဝါဒသာလျှင်ဖြစ်တယ်။ လူအုပ်ကြီးဝါဒ နဲ့ လက်နက်ဝါဒကို ဘယ်သူ့ မောင်းနှင်ပေးနေသလဲ။ မောင်းနှင်သူ မရှိဘူးဆိုရင်တောင် — မီးထိုးသူတော့ ရှိနေပါလိမ့်မယ်။
■ လက်တွေ့မှာ မကျော်လွန်နိုင်
မြန်မာပြည်မှာ ပညာတတ်တွေ ပေါများတယ်လို့ ပြောပေမယ့်၊ ယခုအချိန်အထိ လူအုပ်ဝါဒနဲ့ လက်နက်ဝါဒကို မကျော်လွန်နိုင်သေးပါ။ ပညာတတ်တွေ ကိုယ်၌က လူအုပ်ဝါဒကို လက်ခံထားသလို၊ လက်နက်ဝါဒကို အားပေးတာလည်းတွေ့ရပါတယ်။ ပညာသမားတွေဟာ လူအုပ်ဝါဒနဲ့ လက်နက်ဝါဒကို အားမပေးရဘူးလို့တော့ တရားသေပြဋ္ဌာန်းချက် မရှိပါ။ သို့သော်လည်း ပညာမှန်ရင် “ အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှား အမှန်” ကို ဝေဖန်ပိုင်းခြားစိစစ်နိုင်ရပါလိမ့်မယ်။ စစ်ဆိုတာ ထင်သလောက် မရိုးရှင်းပါ။ ပဋိပက္ခဆိုတာလည်း ထင်သလောက် မရိုးရှင်းပါ။ တရားသောစစ်ပွဲလို့ ပြောနေသည့်တိုင် ဆင်ခြင်တုံတရား ကင်းမဲ့မှုကြောင့် သားကောင် အဖြစ်ခံလိုက်ရသော အရပ်သားများ ဒုနဲ့ဒေး ရှိနေပါတယ်။
ဒီမိုကရေစီမှာ ထိန်းကျောင်းမှုကို လက်မခံရင် လူအုပ်ဝါဒ ဖြစ်သွားပါတယ်။ ဒီမိုကရေစီမှာ ထိန်းကျောင်းမှုကို လက်မခံရင် လက်နက်ဝါဒ ဖြစ်သွားပါလိမ့်မယ်။ လက်ရှိ ကသောင်းကနင်းနှစ်များအတွင်းမှာ စနစ်တကျ ထိန်းကျောင်းမှုကို မလုပ်နိုင်ပါ။ တည်ငြိမ်သည်ဟု ထင်ခဲ့ရသော အချိန်ကာလတွေတုန်းကလည်း ထိန်းကျောင်းမှု ဆိုတာကို ပင်ကိုယ်အသိအားဖြင့်သာ လုပ်နိုင်ခဲ့ပါတယ်။ သတင်းမီဒီယာများရဲ့ စောင့်ကြည့်ထိန်းကျောင်းမှုတွေက လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ ယခုတော့ သတင်းမီဒီယာများကိုယ်၌က ရန် / ငါ စည်း အမြင်နဲ့ ရေးသားဖော်ပြကြတဲ့အခါ ပရော်ဖက်ရှင်နယ်ပျက်တဲ့ အဆင့်ကို တဖြည်းဖြည်း နိမ့်ဆင်းလာပါတယ်။
■ ဓမ္မကို လူအရေအတွက်နဲ့ မပိုင်းဖြတ်နဲ့
ဒီမိုကရေစီစနစ်ကို ယုံကြည်သက်ဝင်ခြင်းသည် တစ်ပွဲတိုး၊ တစ်ခဏ မဖြစ်သင့်ပါ။ လူ့အဖွဲ့အစည်းထဲမှာ လွတ်လပ်မှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေကို တန်ဖိုးထား လေးစားရကောင်းမှန်းသိတဲ့ ဆင်ခြင်မှု ဖြစ်ထွန်းနေဖို့ လိုပါတယ်။
လူအုပ်ဝါဒနဲ့ လက်နက်ဝါဒဟာ စောင့်ကြည့်ထိန်းကျောင်းမှုကို မလိုလား၊ လက်မခံတတ်ပါ။ “ငါတို့ ဘက်မှာ လူအများကြီး ရှိနေတာပဲ” ဆိုတဲ့ အတွေးအခေါ်နဲ့ ကိုယ့်ကိုယ်ကို အမှန် ထင်နေတတ်ပါတယ်။ တရားခြင်း မတရားခြင်းနဲ့ ဓမ္မ / အဓမ္မကို လူအယောက်အရေအတွက်နဲ့ ပိုင်းဖြတ်သတ်မှတ်တာ မဟုတ်ဘူးဆိုတာ သတိချပ်ပါ။
■ နှိုးထကြပါ
ဆင်ခြင်တုံတရား မရှိတဲ့သူတွေကို ကြောက်ပါတယ်။ လူ့အဖွဲ့အစည်းဟာ — စာမတတ်သူတွေကြောင့် ယုတ်လျော့ပျက်စီးတာထက် ဆင်ခြင်တုံတရား မရှိတဲ့ ပညာတတ်တွေကြောင့် ပျက်စီးတာ ပိုများပါတယ်။ မြန်မာပြည်မှာ အကန့်အသတ်နဲ့ အထိန်းအကွပ်ဆိုတာကို ကောင်းစွာ သဘောပေါက်သင့်ကြပါပြီ။ ကယောင်ကတမ်းနဲ့ ဇဝေဇဝါဖြစ်ခြင်းတွေကနေ နှိုးထသင့်ပါပြီ။ လူတွေရဲ့ ဆင်ခြင်တုံတရားဟာ မဲ့ကင်းပြီဆိုရင် အကန့်အသတ်မရှိ၊ အထိန်းအကွပ်မရှိ၊ စည်းမဲ့ဘောင်မဲ့ တောမီးလို လောင်ချင်ရာ လောင်မှိုက်နေတော့တာပဲ။ ဒါကို နားလည်သဘောပေါက်တဲ့ တကယ့်ပညာတတ်တွေ လူထုကြားမှာ ရှိကြရဲ့လား။
ကြားပါရစေ…
မြင်ပါရစေ….။
မင်းသေ့
နေ့လယ် ၃း၁၅
၁၃ ၊ ဒီဇင်ဘာ၊ ၂၀၂၂။