အန်ယူဂျီ ဩဇာမညောင်းသေးတဲ့ ကာကွယ်ရေးအဖွဲ့တွေ

တော်လှန်အဖွဲ့အစည်းတွေထဲမှာ အောက်ခြေအဖွဲ့တွေဟာ — timing ကိုက်လို့ မရလောက်အောင် စည်းမညီ ဝါးမညီဖြစ်နေတဲ့ မှတ်ချက်တွေကို ခပ်များများ ကြားနေရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း အမိန့်ပေးကွပ်ကဲမှုအဝန်းအဝိုင်း (chain of command) ထဲ ဝင်ရောက်လာကြဖို့၊ မပြတ်တိုက်တွန်းနေတာလည်း တွေ့ရတယ်။

အောက်ခြေတော်လှန်သောအဖွဲ့တွေအနေနဲ့ NUG ရဲ့ နိုင်ငံရေးဦး ဆောင်မှု အခန်းကဏ္ဍကို မူအားဖြင့် လက်ခံထားပေမယ့်၊ NUG ရဲ့ အမိန့်ပေးကွပ်ကဲမှုအဝန်းအဝိုင်းထဲကို ဝင်လာ ဖို့ စောသေးတယ်လို့ ထင်မြင်နေကြဟန်တူတယ်။ ဒီလိုသဘောထားကို အောက်ခြေမှာ ကိုယ့်ဘာသာ ရန်ပုံငွေ ရှာပြီး အသေခံတိုက်နေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (LDF)တွေမှာလည်း ခပ်များများတွေ့ရတယ်။ ဒါဆိုရင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (PDF) တွေအားလုံးကလည်း NUG ရဲ့ အမိန့်ပေးကွပ်ကဲမှုကွင်းဆက်ကြီးထဲ ကျကျနန ပီပီပြင်ပြင်ရောက်လာပြီလား ဆိုတော့… အဲသည်လိုလည်း မဟုတ်သေးပြန်ဘူး။ အကန့်အသတ်အမျိုးမျိုးဟာ NUG ရဲ့ အမိန့်ပေးကွပ်ကဲမှုအဝန်းအဝိုင်းကို မကျစ်လစ်အောင် ဟန့်တားနေတာတွေ ရှိပါတယ်။ ဒီလိုအကန့် အသတ်တွေဟာ ဘာတွေဖြစ်နိုင်မလဲ။

လောလောဆယ် လတ်တလောအကြောင်းရင်းတွေကို ခဏ အသာဖယ်ထားပြီး ဆုပ်ကိုင်ပြလို့ မရတဲ့ intangible factors တစ်ခုကို ပြောချင်ပါတယ်။ အဲဒါဟာ — မြန်မာ့နိုင်ငံရေးဓလေ့ နောက်ခံကနေ ဆင်းသက်ပါတယ်။ အုပ်စုဓလေ့ အပြိုင်ထွန်းကားတဲ့ အချက်ကို ပြောချင်ပါတယ်။

ဒေါက်တာသန်းထွန်းဟာ မြန်မာ့ဓလေ့ (၁၉၈၅) စာတမ်းမှာ — မြန်မာတွေမှာ အမျိုးအလိုက်၊ ယုံကြည်မှုအလိုက် အုပ်စုဓလေ့တွေ အပြိုင်ထွန်းကားကြောင်း ရေးသားတင်ပြထားတာ ဖတ်ရပါတယ်။ လက်ရှိအခြေအနေမှာတော့၊ ဒေသအလိုက် အုပ်စုဓလေ့မျိုးကွဲတွေပါ တွေ့နေရကြောင်း သတိချပ်စေလိုပါတယ်။

နဂိုမူလဇာစ်မြစ် () ခု 

မြန်မာပြည်တွင်းစစ်သမိုင်းအစဟာ ဇာစ်မြစ် (၂) ခုကနေ စတင်လာခဲ့တယ်လို့ ဆိုတယ်။ နံပါတ် (၁) အိုင်ဒီယော်လိုဂျီ အကွဲအပြဲ နဲ့ နံပါတ် (၂) လူမျိုးရေးအကွဲအပြဲ။ လူမျိုးရေးအကွဲအပြဲဟာ အမျိုးအလိုက် အုပ်စု ဓလေ့ထွန်းကားတဲ့ နိုင်ငံရေးဓလေ့အပေါ်မှာ အခြေခံတယ်။ အိုင်ဒီယော်လိုဂျီ (ဝါဒရေးရာ) အကွဲအပြဲကတော့ ယုံကြည်မှုအလိုက် အုပ်စုဓလေ့ထွန်းကားတဲ့ နိုင်ငံရေးဓလေ့အပေါ်မှာ အခြေခံတယ်။

လက်ရှိ ဖြစ်ရပ် တချို့ 

ဗမာပြည်မဒေသမှာ ပျံ့နှံ့တည်ရှိနေတဲ့ ဒေသ/ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LDF/PDF) တွေကို အကြမ်းဖျင်း လေ့လာကြည့်ရင် —

 

  • (၁) NUG ရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို အသိအမှတ်ပြုထားတယ်။
  • (၂) PDF တချို့က NUG ရဲ့ chain of command မှာ ရှိနေပေမယ့် တချို့ကတော့ သီးခြားလွတ်ကင်းနေ တာတွေ့ရတယ်။
  • (၃) PDF အားလုံးဟာ NUG နဲ့ တိုက်ရိုက်အဆက်အသွယ်ရှိပေမယ့်၊ NUG ရဲ့ ဩဇာခံ မဟုတ်ဘူးဆိုတဲ့ အယူအဆတွေလည်း ရှိနေပါတယ်။
  • (၄) LDF လို့ ခေါ်တဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေဟာ NUG ရဲ့ လက်အောက်ကို မဝင်ပါ။
  • (၅) LDF တွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရန်ပုံငွေရှာဖွေပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခုခံတော်လှန်စစ်ကို ဆင်နွှဲနေကြပါတယ်။
  • (၆) LDF တွေဟာ NUG ရဲ့ chain of command အောက်ကို မဝင်ပါ။ သို့သော် ဒါဟာ NUG ကို ဆန့်ကျင်နေတာတော့ မဟုတ်။
  • (၇) LDF နဲ့ PDF တွေအကြားမှာ အချင်းချင်းနားလည်မှုလွဲပြီး ဖမ်းဆီးသတ်ဖြတ်နေတာတွေ ရှိနေတယ်။ ဒါကို NUG က ကြားဝင်ကွပ်ကဲဖို့ ကြိုးစားပေမယ့် မြေပြင်နဲ့ သိပ်အလှမ်းဝေးနေတဲ့ NUG စစ်ရေး၊ နိုင်ငံရေးနဲ့ တရားရေးခေါင်းဆောင်ပိုင်းက “စစ်ဆေးအရေးယူသွားမယ်” ဆိုတဲ့အဆင့်ထက် ပိုမလုပ်နိုင်သေးတာတွေ့နေရတယ်။

လက်နက်ကိုင်နည်းနာကို ရှုမြင်ပုံ မျိုးကွဲ

ဗမာပြည်မမှာ — အမျိုးအလိုက် အုပ်စုဓလေ့တွေ ယှဉ်ပြိုင်ထွန်းကားတာ သိပ်မတွေ့ရပါဘူး။ သို့သော်လည်း ယုံကြည်မှုအလိုက် အုပ်စုဓလေ့တွေ အပြိုင်ထွန်းကားနေတာတွေ ခပ်များများ ရှိပါတယ်။ ဒီနေရာမှာ ယုံကြည်မှု အလိုက်ဆိုတာ — နိုင်ငံရေးအယူဝါဒ တစ်ခုတည်း မတူကွဲပြားတာ မဟုတ်တော့ဘူး။ လက်ရှိနွေဦးတော်လှန်ရေး ရဲ့ လက်နက်ကိုင်နည်းနာကို ဘယ်လို ရှုမြင်သုံးစွဲမလဲဆိုတဲ့ အမြင်ကွဲပြားမှုကလည်း အုပ်စုဓလေ့မျိုးကွဲပေါင်း အမြောက်အမြားကို ဖန်တီးနေတဲ့အဓိက အကြောင်းရင်းဖြစ်ပါတယ်။ လက်နက်ကိုင်နည်းနာကို ဘယ်လို ဆွဲကိုင် မလဲဆိုတဲ့ အမြင်အယူအဆမှာ စုစည်း ချိတ်ဆက်လို့ မရလောက်အောင် သီးခြားဖြစ်တည်နေတာတွေကို တွေ့ရ ပါတယ်။

အညာဗမာပြည်မမှာ — ပထဝီအရ သဘာဝအပိုင်းအခြားတွေ ရှိနေသလို၊ သူ့နယ် ကိုယ့်နယ် / သူ့ရွာကိုယ့်ရွာ / သူ့မြို့ ကိုယ့်မြို့ ဆိုတဲ့ ဇနပုဒ်စွဲဝါဒတွေလည်း အပြိုင်ထွန်းကားနေပါတယ်။ လက်နက်ကိုင်လမ်းစဉ်မှာ တစ်ယောက်နဲ့ တစ်ယောက် ၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေပါတယ်။ တစ်ဖက်မှာ လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ရန်ပုံငွေ ကိုယ့်ဘာသာ ရှာကြံပြီး လက်နက်ကိုင်တွန်းလှန်နေရတာဖြစ်လေ တော့၊ NUG ရဲ့ အမိန့်ပေးကွပ်ကဲမှုအဝန်းအဝိုင်းထဲကို တော်ရုံနဲ့ ရောက်မလာနိုင်ပါ။ လက်ရှိအနေအထားမှာ NUG အနေနဲ့ ထောက်ပံ့ငွေနဲ့ လက်နက်တချို့ ပေးနိုင်တဲ့အဖွဲ့ တချို့အပေါ်မှာသာ ဩဇာသက်ရောက်နိုင်နေတာကို တွေ့ရပါတယ်။ NUG  က ထောက်ပံ့ငွေ မပေးနိုင်တဲ့ တစ်နေ့မှာ NUG လက်အောက်ကနေ သီးခြားကင်းလွတ် သွားမယ့် PDF အတော်များများလည်း ရှိနေပါတယ်။ ဒါကို သတိချပ်ကြဖို့ ဖြစ်ပါတယ်။

လူသစ်တွေက ဓလေ့ဟောင်းကို ပြန်လုပ်

လက်ရှိ လက်နက်ကိုင်တော်လှန်ရေးမှာ — ဗမာပြည်မမှာ လက်နက်ကိုင်ခုခံနေတဲ့ ကာကွယ်ရေးအဖွဲ့တွေမှာ အုပ်စုဓလေ့တွေ အပြိုင်ထွန်းကားနေတာကို တွေ့ရတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးဓလေ့မှာ တွေ့နေကျကိစ္စဖြစ်လို့ သိပ်တော့ အဆန်းတကြယ် မဟုတ်ပါဘူး။ နွေဦးတော်လှန်ရေးကာလမှာမှ – အသစ်ဖြစ်ထွန်းလာတဲ့ ပြဿနာသစ်လည်း မဟုတ်ပါဘူး။ လူသစ်တွေက ဓလေ့ဟောင်းတွေကို ပြန်လုပ်နေတာပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်အုပ်စုမျိုးကွဲတွေ ဖြစ်ထွန်းတာကို တဖြည်းဖြည်း တစ်စုတည်းတစ်စည်းတည်းဖြစ်ဖို့ ကြိုးစားဖို့ဟာ အတော်ခက်ခဲနေပါတယ်။

ဒါကို သက်ဆိုင်ရာ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိနေတဲ့ ခေါင်းဆောင်အသီးသီးက စဉ်းစားအဖြေရှာနေ ကြပါတယ်။ ဒီ့အတွက် စဉ်းစားစရာ အချက်တချို့ကို ပြောပြီး ဒီဆောင်းပါးကို နိဂုံးချုပ်ချင်ပါတယ်။

စဉ်းစားစရာ အချက်တချို့ 

  • လက်နက်ကိုင်လမ်းစဉ်မှာ လက်နက်ပေးနိုင်သူကသာ ဩဇာညောင်းမယ့်သဘော။
  • လက်နက်ပေးနိုင်တဲ့အဖွဲ့အပေါ်မှာ ဩဇာခံမယ်။
  • ရေရှည် ရပ်တည်ရေးအတွက် ခက်ခဲလာနိုင်။
  • ဒေသတွင်း စိုးမိုးဧရိယာတွေအတွင်းကနေ အခွန်ငွေ ရနိုင်ပေမယ့်၊ ဒါဟာ ရပ်တည်ရှင်သန်ဖို့သာ ဖြစ်။
  • လက်နက်မဝယ်နိုင်လို့ တဖြည်းဖြည်း ပြုန်းတီးနိုင်။
  • သို့မဟုတ် — အင်အားကြီးတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေထဲမှာ တိုက်ခိုက်ရေးတပ်သားအဖြစ် ပူးပေါင်းပါဝင်သွားနိုင်။
  • ဒီလိုဆိုရင် EROs အဖွဲ့တွေအတွက် စစ်သားစုဆောင်းရေးရင်းမြစ်ကြီး ကျယ်ပြန့်လာနိုင်။
  • လက်နက်ဝယ်ဖို့ ကိုယ်ပိုင်စိုးမိုးဧရိယာတွေမှာ — သယံဇာတကို မျက်စောင်းထိုးလာနိုင်။ အထူးသဖြင့် သစ် နှင့် ရွှေ။ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ အများဆုံး ထွက်ရှိတာ။ သစ်၊ ရွှေ၊ ပယင်း။ သဘာဝပတ်ဝန်းကျင်ဟာ သဘာဝသယံဇာတဟာ လက်နက်ကိုင်တော်လှန်ရေးအတွက် အစတေးခံဖြစ်လာနိုင်သလား

ဒီ့ထက် ကျယ်ပြန့်နက်နဲတာတွေ ရှိနိုင်ပါသေးတယ်။ လောလောဆယ်အားဖြင့် …. စဉ်းစားစရာ အချက်တချို့ပဲဖြစ်ပါတယ်။

မင်းသေ့

ည ၁၁း၄၀

၁၇ ၊ စက်တင်ဘာ၊ ၂၀၂၂။