ပြည်တွင်းစက်သုံးဆီစျေးနှုန်းဟာအခုလအတွင်း ဆက်တိုက်ကျဆင်းနေတာကြောင့် ဆီဆိုင်အများစုဟာ ဆီလက်ကျန်ကြောင့်အရှုံးမပေါ်စေဖို့ ထိုးရောင်းနေကြရတယ်လို့ စျေးကွက်အတွင်းကစုံစမ်းသိရှိရပါတယ်။
ကမ္ဘာ့ရေနံစိမ်းစျေးထိုးကျမှုနဲ့အတူ ပြည်တွင်းစက်သုံးဆီစျေးလည်း သိသိသာသာပြန်လည်ကျဆင်းလာတာတယ်လို့ သိရပါတယ်။
အဲဒီလို ဆီစျေးကျဆင်းနေချိန်မှာ ဆီလက်ကျန်ဖြစ်ပေါ်ရင် ငွေကြေးဆုံးရှုံးမှုဖြစ်စေတဲ့အတွက် ရောင်းအားမြင့်အောင်လုပ်နေရတယ်လို့ စက်သုံးဆီအရောင်းဆိုင်ရှင်တဦးကဆိုပါတယ်။
“ဒီနေ့စျေးနဲ့မနက်ဖြန်စျေးကသိသိသာသာဟ လာတော့ လက်ကျန်များရင်များသလောက်ငွေကြေးဆုံးရှုံးတယ်၊အသိကားသမားတွေကို ပိုဝယ်ဖို့စည်းရုံးသလိုအကြွေးနဲ့ရောင်းပေးတာတွေပါလုပ်လာရတော့တာ”လို့ သူကပြောပါတယ်။
အလတ်စားစက်သုံးဆီအရောင်းဆိုင်တွေကတော့ စက်သုံးဆီကုမ္ပဏီတွေဆီက ဝယ်ယူတဲ့ပမာဏကိုလျှော့ချတာတွေလုပ်နေရတယ်လို့ အဲဒီလုပ်ငန်းလုပ်နေသူတွေကဆိုပါတယ်။
“ဒီနေ့စျေးဝယ်ရောင်းတဲ့စျေးကမနက်ဖြန်ကျရှုံးရင်ရှုံးနေတာ၊ဆိုင်တွေအနေနဲ့ကစျေးငြိမ်မှအလုပ်ဖြစ်တယ်။အတက်၊အကျကြမ်းရင်အဆင်မပြေဘူး”လို့ ဆီဆိုင်ပိုင်ရှင်တဦးကပြောပါတယ်။
ပြည်တွင်းစက်သုံးဆီစျေးနူန်းဟာ ဒီကနေ့ရန်ကုန်မြို့ပေါက်စျေးအနေနဲ့ အောက်တိန်း-92တစ်လီတာ ၁၈၆၅ကျပ်၊အောက်တိန်း-95တစ်လီတာ ၁၉၆၀ ကျပ်၊ဒီဇယ်တစ်လီတာ ၂၁၉၅ကျပ်နဲ့ပရီမီယံဒီဇယ်တစ်လီတာ ၂၂၇၀ကျပ် ရှိနေတယ်လို့သိရပါတယ်။
အဲဒီစျေးနူန်းဟာ တစ်လအတွင်းကို အောက်တိန်း -92 တစ်လီတာ ၂၇၀ကျပ်၊ အောက်တိန်း-95တစ်လီတာ ၂၉၀ကျပ်၊ ဒီဇယ်တစ်လီတာ ၄၇၀ကျပ်နဲ့ပရီ မီယံတစ်လီတာ ၄၅၅ ကျပ်စီကျဆင်းခဲ့တာလို့စျေးကွက်မှတ်တမ်းတွေအရသိရပါတယ်။
ကမ္ဘာ့ရေနံစိမ်းစျေးဟာ ဒီနေ့မှာ တစ်စည်ကို ၇၂ ဒေါ် လာရှိပြီး တစ်လအတွင်း ၁၅ဒေါ်လာလောက်အ ထိစံချိန်တင်ကျဆင်းခဲ့တာဖြစ်ပါတယ်။
အခုလိုစက်သုံးဆီစျေးတွေ ကျဆင်းလာပေမယ့် ကုန်စည်သယ်ယူစရိတ်နဲ့အခြေခံစားသောက်ကုန်စျေးနှုန်းတွေကတော့လိုက်ပါကျဆင်းမှုမရှိသေးဘူးလို့ စားသုံးသူတွေကပြောပါတယ်။