ယူကရိန်း စစ်ပွဲမှာ နျူကလီးယား လက်နက်တွေ အသုံးပြုနိုင်ခြေတွေနဲ့ ပတ်သက်လို့ ရုရှား ထိပ်တန်း စစ်ဦးစီး အရာရှိတွေ ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် အစိုးရ အရာရှိတွေက ပြောကြားခဲ့ပါတယ်။
ရုရှားရဲ့ ထိပ်တန်း စစ်ဘက် အရာရှိတွေဟာ ပြီးခဲ့တဲ့လမှာ တွေ့ဆုံပြီး စစ်မြေပြင်မှာ ဘယ်လို အခြေအနေ၊ ဘယ်လို အတိုင်းအတာမျိုးရောက်ရင် နျူကလီးယား လက်နက်တွေ အမှန်တကယ် အသုံးပြုမလဲဆိုတာ ဆွေးနွေးခဲ့တာလို့ အမေရိကန် အစိုးရ အရာရှိ နှစ်ဦးက ဆိုပါတယ်။
အိမ်ဖြူတော်က ရုရှားရဲ့ နျူကလီးယားလက်နက် အသုံးပြုနိုင်ခြေနဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေ ပိုတိုးပွားလာနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်ထိတော့ ရုရှားက နျူကလီးယား လက်နက်တွေ ထုတ်သုံးဖို့ ပြင်ဆင်နေတာမျိုး မရှိသေးဘူးလို့လည်း အမေရိကန်က အတည်ပြုပါတယ်။
အမေရိကန်က ရရှိထားတဲ့ ထောက်လှမ်းရေး အချက်အလက်တွေအရ နျူကလီးယားလက်နက် အသုံးပြုသင့် မပြုသင့် ရုရှား စစ်တပ် အရာရှိကြီးတွေ ဆွေးနွေးကြရာမှာ သမ္မတ ဗလာဒီမာပူတင် ကိုယ်တိုင်တော့ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။
ရုရှား အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ နျူကလီးယား လက်နက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပွဲမဆူဆူအောင် အနောက်နိုင်ငံတွေက ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ပေးနေတာသာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားက စစ်ပွဲမှာ နျူကလီးယား လက်နက်တွေ ထုတ်သုံးလာနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေဟာ ပူတင်ကိုယ်တိုင် ပြောဆိုခဲ့တဲ့ စကားတစ်ခွန်းကနေ အစပြုခဲ့တာပါ။ ပူတင်က ရုရှားနိုင်ငံနဲ့ ရုရှားပိုင်နက်ထဲ သိမ်းသွင်းကြောင်း ကြေညာထားတဲ့ ယူကရိန်း နယ်မြေတွေကို ကာကွယ်ဖို့အတွက် ရှိသမျှ အရင်းအမြစ် အားလုံး ထုတ်သုံးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ရုရှားရဲ့ နျူကလီးယား လက်နက်တိုက်ကိုပါ ရည်ညွှန်းတဲ့ စကားအဖြစ် အများစုက မှတ်ယူခဲ့ကြပါတယ်။
အထူးသဖြင့် စစ်မြေပြင် အခြေအနေတွေက ထင်တိုင်းမပေါက်ဘဲ အရှုံးတွေနဲ့ပါ ရင်ဆိုင်လာရချိန်မှာ ပူတင်အနေနဲ့ ဘေးကျပ်နံကျပ် ပိုဖြစ်လာပြီး နျူကလီးယား လက်နက်တွေ သုံးစွဲလာနိုင်တယ်လို့ ထင်ကြေးတွေ မြင့်တက်နေပါတယ်။ ပူတင်ဟာ နှစ်ဆန်းပိုင်းက ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့ပြီး ရုရှားအပေါ် အနောက်နိုင်ငံတွေရဲ့ ဖိအားပေး ပိတ်ဆို့မှုတွေ ပြင်းထန်လာချိန် ကတည်းက စစ်တပ်ရဲ့ မဟာဗျူဟာ နျူကလီးယား တိုက်ခိုက်ရေး အထူးတပ်ဖွဲ့တွေကို တပ်လှန့်ပြင်ဆင်ထားဖို့ အမိန့်ပေးထားပါတယ်။