ဩစတြေးလျ တိရစ္ဆာန်ရုံ တစ်ခုမှာ ခြင်္သေ့ငါးကောင် လွတ်သွားလို့ ဧည့်သည်တွေကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရ 

ဩစတြေးလျက တိရစ္ဆာန်ရုံ တစ်ခုမှာ ခြင်္သေ့ငါးကောင် လွတ်မြောက်သွားလို့ အထိတ်တလန့် အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

ဆစ်ဒနီမြို့က Taronga တိရစ္ဆာန်ရုံမှာ မွေးမြူထားတဲ့ အေတိုဆိုတဲ့ အရွယ်ရောက်ပြီး ခြင်္သေ့ထီးကြီး တစ်ကောင်နဲ့ မြီးကောင်ပေါက်အရွယ် ခြင်္သေ့ငယ် လေးကောင်ဟာ သူတို့ကို ထားရှိရာ လှောင်အိမ်ဝင်း အပြင်ဖက်ကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ 

တိရစ္ဆာန်ရုံမှာ တောရိုင်းတိရစ္ဆာန်တွေရဲ့ ညဖက် ကျက်စားတတ်တဲ့ စရိုက် သဘာဝကို ပြသဖို့ Roar and Snoreဆိုတဲ့ အစီအစဉ်ကို မိတ်ဆက်ပေးထားပါတယ်။ ဒါဟာ ဧည့်သည်တွေက တိရစ္ဆာန်ရုံထဲမှာ ညလုံးပေါက် လည်ပတ်သွားလာ ကြည့်ရှုနိုင်မယ့် အစီအစဉ်မျိုးပါ။ 

နိုဝင်ဘာ ၂ ရက်မှာတော့ ခြင်္သေ့တွေ လွတ်သွားတာကို သိသိချင်း ပြာယာခတ်သွားတဲ့ တိရစ္ဆာန်ရုံ ဝန်ထမ်းတွေဟာ အရေးပေါ် အခြေအနေ အမြင့်ဆုံးအဆင့် ထုတ်ပြန်လိုက်ပြီး Roar and Snore အစီအစဉ်က ဧည့်သည်တွေကို ဘေးလွတ်ရာ နေရာတွေဆီ ရွှေ့ပြောင်း ခိုလှုံစေခဲ့ပါတယ်။ 

ခြင်္သေ့တွေဟာ သူတို့ကို စီစဉ်ထားရှိရာ ဝင်းကြီးထဲကနေ လွတ်မြောက်လာတဲ့နောက် တခြား ခြံဝင်းအလွတ် အသေးလေး တစ်ခုထဲ စုဝေး ရောက်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေရာနဲ့ လူတွေ သွားလာနေတဲ့ နေရာကြားမှာ ၆ ပေလောက်မြင့်တဲ့ စည်းရိုးတစ်ခုသာ ခြားပါတော့တယ်။ 

နောက်တော့ ခြင်္သေ့ထီးကြီးနဲ့ ခြင်္သေ့ငယ် သုံးကောင်ကို သူတို့ရဲ့ လှောင်အိမ်ဝင်းထဲ ပြန်ဝင်သွားအောင် တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက ဆောင်ရွက်နိုင်ခဲ့ပြီး နောက်ထပ် ခြင်္သေ့ငယ် တစ်ကောင်ကိုလည်း မေ့ဆေးနဲ့ ပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 

ခြင်္သေ့တွေဟာ တိရစ္ဆာန်ရုံ အပြင်ဖက်ကို လုံးဝ ရောက်မသွားခဲ့သလို ဒီဖြစ်ရပ်အတွက် လူနဲ့ တခြားတိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရမှုလည်း မရှိခဲ့ဘူးလို့ Taronga တိရစ္ဆာန်ရုံက ထုတ်ပြန်ပါတယ်။ မိနစ်ပိုင်းလောက် ကြာမြင့်ပြီးတဲ့နောက် Roar and Snore အစီအစဉ်ကိုလည်း ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါတယ်။ 

ဒါပေမဲ့ ခြင်္သေ့တွေ လွတ်မြောက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။ ခြင်္သေ့တွေ လွတ်မြောက်သွားတာနဲ့ ပတ်သက်လို့ ချွတ်ယွင်းချက် အားလုံးကို ပြန်လည် ဆန်းစစ်သုံးသပ်ပြီး လိုအပ်တဲ့ ပြင်ဆင် အဆင့်မြှင့်မှုတွေ မပြီးမချင်း ခြင်္သေ့လှောင်အိမ်ဖက် ဧည့်သည်တွေ လည်ပတ်ခွင့်ကို ယာယီ ပိတ်ထားမယ်လို့လည်း တိရစ္ဆာန်ရုံက ထုတ်ပြန်ထားပါတယ်။