လီဗာပူးလ် ဂိုးပြတ်နိုင်ပြီး ဘာစီလိုနာ ရုန်းကန်ခဲ့ရတဲ့ ချန်ပီယံလိဂ် ပွဲစဉ်များ 

Photo – GettyImages

မနေ့ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေမှာ အသင်းကြီး တချို့ရဲ့ ပွဲစဉ်တွေက သွင်းဂိုးတွေ ဖောဖောသီသီ ရှိခဲ့ကြပြီး လီဗာပူးလ် အသင်းကတော့ အပြတ်သားဆုံး ရလဒ်တစ်ခုနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ရိန်းဂျားစ် ၁ – ၇ လီဗာပူးလ်

အုပ်စုအဖွင့် ပွဲစဉ်မှာ အရေးနိမ့်ခဲ့ပေမယ့် ၃ ပွဲဆက် အနိုင်ပြန်ရခဲ့တာကြောင့် လီဗာပူးလ်ဟာ နာပိုလီနဲ့အတူ နောက်တစ်ဆင့်တက်ဖို့ သေချာသလောက် ဖြစ်လာပါပြီ။ အိမ်ရှင် ရိန်းဂျားစ် အသင်းအတွက် အာဖီးလ်က ပွဲချိန် ၁၆ မိနစ်မှာ ဦးဆောင်ဂိုးကို အပြင်းကန်သွင်းခဲ့ပေမယ့် နောက်ပိုင်းပွဲချိန်တွေမှာ လီဗာပူးလ်ကပဲ တစ်ဖက်သာ ကြီးစိုးသွားခဲ့ပါတယ်။ ၂၃ မိနစ်မှာ ဆီမီကက်စ်ရဲ့ ထောင့်ကန်ဘောကို ဖာမီနိုက အနီးကပ် ခေါင်းတိုက်သွင်းပြီး ချေပခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုးစီသာ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးလ်ရဲ့ တိုက်စစ်က ကြောက်ခမန်းလိလိ ပုံစံကောင်း ပြသခဲ့ပြီး ဂိုးဒါဇင်ဝက် ထပ်သွင်းပါတော့တယ်။ ၅၄ မိနစ်မှာ ညာခြမ်းက ဂိုမက်ဇ် ပေးပို့တာကို ဖာမီနိုက လူကျွံထောင်ချောက်ကနေ ဖောက်ထွက်သွားပြီး ကန်သွင်းတာကြောင့် လီဗာပူးလ်က ပွဲကို တကျော့ပြန် ဦးဆောင်ပါတယ်။ ၆၅ မိနစ်မှာ ဖာမီနို အနီးကပ် ချပေးတာကို နူနက်ဇ်က လီဗာပူးလ်ရဲ့ တတိယဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ နောက်ထပ် ၁၀ မိနစ် အကြာမှာ ဂျိုတာရဲ့ ပေးပို့မှုကနေတဆင့် နောက်ခံလူတွေ ကပ်ထားတဲ့ ကြားကနေ ဆာလားက ဂိုးသွင်းခဲ့ပြန်ပါတယ်။ ၇၉ မိနစ်မှာလည်း ဂျိုတာ ထပ်ပြီး ဖန်တီးပေးတာကို ရှုပ်ရှုပ်ထွေးထွေး အခြေအနေကနေ ကန်သွင်းပြီး နောက်တစ်ဂိုး ရခဲ့ပြန်ပါတယ်။ ချက်ချင်းဆိုသလိုပဲ နောက်တစ်ကြိမ် ဂျိုတာ ပေးပို့ပြန်တာကို ဆာလားက Hat-Trickဂိုးအဖြစ် ကန်သွင်းနိုင်ခဲ့ပါတယ်။ ဆာလားနဲ့ ဂျိုတာဟာ ဒုတိယပိုင်းကျမှ လူစားဝင်လာပြီး ရိန်းဂျားစ်ခံစစ်ကြောင်းကို အတွဲညီညီ ဖြိုဖျက်သွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အတွက် နောက်ဆုံးဂိုးကိုတော့ ပွဲချိန် ၈၆ မိနစ်မှာ အီလီယော့က ကန်သွင်းပြီး လီဗာပူးလ်တို့ ပြတ်ပြတ်သားသား အနိုင်ရရှိသွားပါတယ်။ 

ဘာစီလိုနာ ၃ – ၃ အင်တာမီလန်

မရဏ အုပ်စုမှာ နိုင်ပွဲ ၁ ပွဲသာ ရှိသေးတဲ့ ဘာစီလိုနာအတွက် အိမ်ကွင်းမှာလည်း နိုင်ပွဲပျောက်ခဲ့ပြန်တာကြောင့် နောက်တစ်ဆင့်တက်ရေးက စိုးရိမ်စရာတွေ ဖြစ်လာပါပြီ။ ဒီပွဲလည်း ရိန်းဂျားစ်-လီဗာပူးလ် ပွဲလိုပဲ ဒုတိယပိုင်းမှ အရှိန်ပိုတက်လာပြီး ဂိုးတွေ ဖောဖောသီသီ သွင်းခဲ့ကြတာပါ။ ပထမပိုင်း ၃၉ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် အနီးကပ် အပေးအယူလုပ်ပြီး ရောဘတ်တို ပေးပို့တဲ့ ဘောလုံးကို ဒမ်ဘီလီက အနီးကပ် အပိုင်ကန်သွင်းပြီး အိမ်ရှင် ဘာစီလိုနာအသင်း ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး မကြာခင်မှာပဲ ဘက်စ်တိုနီ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဘာရယ်လာက လူကျွံထောင်ချောက်ကနေ ပါးပါးနပ်နပ် ဖောက်ထွက်သွားပြီး အင်တာအတွက် ချေပဂိုး ရယူခဲ့ပါတယ်။ ၆၂ မိနစ်မှာ ကယ်လ်ဟာနိုဂလူ ကန်တင်ပေးတဲ့ ဘောလုံးကို ဘာစီလိုနာ နောက်တန်းက ဖိဖိစီးစီး မဖျက်ထုတ်နိုင်ခဲ့တာကြောင့် မာတီနက်ဇ် ရသွားပြီး ကန်သွင်းရာမှာ ဂိုးတိုင်နှစ်ဖက်လုံးနဲ့ ထိပြီးမှ ဂိုးဝင်သွားတာကြောင့် ဘာစီလိုနာတို့ နောက်ကပြန်လိုက်ပြီး ကစားရတဲ့ အခြေအနေ ရောက်လာပါတယ်။ ၈၁ မိနစ်မှာ ဘာစီလိုနာ တိုက်စစ်မှူး လီဝင်ဒေါစကီး ကန်သွင်းတဲ့ဘောလုံးက အင်တာ နောက်ခံလူနဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားတဲ့အတွက် ဂိုးသမား အိုနာနာ ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးလိုက်ရပါတယ်။ ၈၈ မိနစ်မှာ မာတီနက်ဇ်ရဲ့ ပေးပို့မှုကနေတဆင့် အင်တာ တောင်ပံကစားသမား ဂိုဆန်စ်က အသင်းအတွက် တတိယဂိုး သွင်းပြန်ပါတယ်။ ဒီဂိုးမှာ ဘာစီလိုနာ ခံစစ်ကြောင်းရဲ့ နေရာယူပုံက ဆိုးဆိုးရွားရွား ဖြစ်နေတာကို မြင်ခဲ့ရပါတယ်။ နောက်ဆုံး မိနစ်ပိုင်းမှာ ဂါစီယာ ကန်တင်ပေးတဲ့ ဘောလုံးကို လီဝင်ဒေါစကီးက ခေါင်းတိုက်ပြီး ဘာစီလိုနာအတွက် အဖိုးတန် ချေပဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ ကွင်းလယ်ဒိုင်ကို အပြင်းအထန် စောဒကတက်မှုကြောင့် အင်တာနည်းပြ အင်ဇာဂီ အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရပါတယ်။

ဗစ်တိုးရီးယား ပလာဇန် ၂ – ၄ ဘိုင်ယန်မြူးနစ်

မရဏအုပ်စုလို့ သတ်မှတ်ခံရတဲ့ အုပ်စု(ဂ)မှာ ဂျာမန် ချန်ပီယံ ဘိုင်ယန်ကတော့ ၄ ပွဲကစား၊ ၄ ပွဲနိုင်ပြီး သာသာယာယာပဲ ရှုံးထွက်အဆင့် တက်လှမ်းသွားပါပြီ။ ပွဲချိန် ၉ မိနစ်မှာ ကွင်းလယ်လူ ဂိုရက်ဇ်ကာနဲ့ အပေးအယူ တွဲလုံးကစားပြီး မာနေးက ဘိုင်ယန်အတွက် ဦးဆောင်ဂိုး သွင်းပါတယ်။ ၁၃ မိနစ်မှာ ဘယ်ခြမ်းက ကိုးမန်း ဖြတ်ပို့ပေးတာကို မူလာက ဧရိယာထဲမှာ အေးအေးဆေးဆေး ပိတ်သွင်းပြီး ဒုတိယဂိုး သွင်းပြန်ပါတယ်။ ၂၄ မိနစ်မှာ မူလာ အနီးကပ် ချပေးလိုက်တာကို ဂိုရက်ဇ်ကာက ဧရိယာထဲမှာ အပိုင်ကန်ပြီး တတိယဂိုး၊ ၃၄ မိနစ်မှာ ဆာနေး မျှောပေးလိုက်တာကို ဂိုရက်ဇ်ကာကပဲ ဂိုးသမားပေါ်က အသာကျော်ကန်ပြီး စတုတ္ထဂိုးတွေ သွင်းခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ ဘိုင်ယန်က ၄ ဂိုးပြတ် ဦးဆောင်ခဲ့ပါတယ်။ ၆၁ မိနစ်မှာတော့ မော့စ်ကာရာ နောက်ပြန် ခေါင်းတိုက် ချပေးတာကို ဗစ်ကာနိုဗာက အပြင်းကန်သွင်းပြီး အိမ်ရှင် ပလာဇန်တို့ ပထမ ချေပဂိုး ရခဲ့ပါတယ်။ ၇၄ မိနစ်မှာ ညာတောင်ပံက ဟို့လ်ခ် ပေးပို့တဲ့ ဘောလုံးကို ကလီးမန့်က လှလှပပ တစ်ပတ်လှည့်ကန်ပြီး နောက်တစ်ဂိုး ထပ်သွင်းတဲ့အတွက် ၂-၄ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးသွားခဲ့ပါတယ်။

အခြားပွဲစဉ် ရလဒ်များ

နာပိုလီ ၄ – ၂ အိုင်းယက်စ်အမ်စတာဒမ်

အက်သလက်တီကို မက်ဒရစ် ၀ – ၀ ဘရုဂျ်

လေဗာကူဆန် ၀ – ၃ ပေါ်တို

စပို့တင်းလစ္စဘွန်း ၀ – ၂ အိုလံပစ်မာဆေးလ်

တော့တင်ဟမ်ဟော့စပါး ၃ – ၂ ဖရန့်ဖတ်