အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ သားတစ်ဦးဟာ အခွန်တိမ်းရှောင်မှုနဲ့ တရားစွဲဆို ခံရမယ့် အခြေအနေ ရှိနေကြောင်း သိရပါတယ်။
ဟန်တာဘိုင်ဒန်ဟာ အခွန်ဆိုင်ရာ ရာဇဝတ်မှုတွေ ချိုးဖောက်ခဲ့သလို သေနတ်တစ်လက် ဝယ်ယူဖို့ အချက်အလက်မှားတွေ ဖြည့်စွက်ခဲ့ဖူးတယ်ဆိုတဲ့ ကိစ္စတွေအတွက် FBI ထောက်လှမ်းရေး အရာရှိတွေက လုံလောက်တဲ့ သက်သေ အထောက်အထားတွေ စုဆောင်း ရရှိထားပြီလို့ ဆိုပါတယ်။
ဟန်တာဟာ ဖခင်ဖြစ်သူ သမ္မတ ဖြစ်မလာခင် ၂၀၁၈ ကတည်းက ထောက်လှမ်းရေး အရာရှိတွေရဲ့ ဆက်သွယ် မေးမြန်းမှုတွေ ခံခဲ့ရသူပါ။ ဟန်တာရဲ့ ရှေ့နေ တစ်ဦးကတော့ သူ့အမှုသည်ဆီ FBI အေးဂျင့်တွေ ဆက်သွယ်လာတာ မရှိသေးပါဘူးလို့ ပြောပါတယ်။ ဟန်တာကလည်း သူဟာ ဘယ်လို ဥပဒေ ချိုးဖောက်မှုတွေမှ ကျူးလွန်မထားကြောင်း အကြိမ်ကြိမ် ငြင်းဆိုပါတယ်။
အမေရိကန် တရားရေး ဝန်ကြီးဌာနကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက်တစ်စုံတရာ မပေးသေးပါဘူး အသက် ၅၂ နှစ်အရွယ် ဟန်တာဟာ ရှေ့နေတစ်ဦးဖြစ်ပြီး တရုတ်နဲ့ ယူကရိန်းတို့လို ပြည်ပနိုင်ငံတွေမှာလည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။ သူ့ရဲ့ ပြည်ပ လုပ်ငန်းတွေ၊ ဥပဒေ အကြံပေး ဝန်ဆောင်မှုတွေရဲ့ ဘဏ္ဍာရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ၂၀၁၈ မှာ FBIက ဟန်တာကို စတင် စုံစမ်းစစ်ဆေးလာခဲ့ပါတယ်။
နောက်ပိုင်းမှတော့ စုံစမ်းမှုတွေက ဘိုင်ဒန်ဟာ သူ့ရဲ့ ဝင်ငွေတွေကို အမှန်အတိုင်း တင်ပြမှု ရှိမရှိ ဆိုတာရယ်၊ သေနတ် ဝယ်ယူမှုမှာ အချက်အလက်အမှားတွေ ပေးခဲ့တာရယ်ကို အဓိက အာရုံစိုက်လာပါတယ်။ ဟန်တာက သူဟာ အဲဒီအချိန်တုန်းက ကိုကင်း သုံးစွဲနေဆဲဖြစ်တယ်လို့ မနှစ်က ထုတ်ဝေတဲ့ စာအုပ်မှာ ဝန်ခံ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက မူးယစ်ဆေး သုံးသလားလို့ FBI အေးဂျင့်တွေ မေးမြန်းတဲ့အခါ ဘိုင်ဒန်က ငြင်းဆိုခဲ့တယ်လို့ Washington Post သတင်းစာက ဖော်ပြပါတယ်။
ဟန်တာရဲ့ ဖခင်ဖြစ်သူ သမ္မတ ဘိုင်ဒန်ကတော့ သူ့သားအတွက် ပြဿနာတွေ ကြုံနေတယ် ဆိုတာကို ဝန်ခံခဲ့ပြီး သူကိုယ်တိုင်ကတော့ ဘယ်လို တရားမဝင်တဲ့ ကိစ္စမျိုးနဲ့မှ ဆက်နွှယ်မှု မရှိကြောင်း ငြင်းဆိုထားပါတယ်။ ဟန်တာတစ်ယောက် တရားစွဲခံရဖွယ် ရှိတယ်ဆိုတဲ့ သတင်းဟာ ၂၀၂၂ ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲအကြို နိုင်ငံရေးအရ အထိအခိုက် မခံတဲ့ ကာလမျိုးမှာ သမ္မတ ဘိုင်ဒန်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။