ဧရာဝတီတိုင်း ရေကြည်မြို့နယ် အတွင်းက ဇရပ်လှရွာမှာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံ ပြီးနောက် အထက်အောက် အနက်ရောင်ဝတ်စုံ ဝတ်တဲ့ လူငယ်တဦးကို စစ်တပ်နဲ့ ရဲကလိုက်ရှာနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။
“အုပ်ကြီးကို ပစ်သတ်သွားတဲ့သူက အနက်ဝမ်းဆက် ဝတ်ထားလို့ လိုက်ရှာနေကြတာ”လို့ ပြောပါတယ်။
ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးတာဘူးခေါ် ဦးကျော်သိန်းဝင်း ကို တော် လှန်ရေးအင်အားစုတွေ က စက်တင်ဘာ( ၁၄ )ရက်နေ့က ပစ်သတ်လိုက်ပြီးနောက်ပိုင်း ဒေသခံ (၄၀)ကျော် ကို မသင်္ကာဟု ဆိုကာ ဖမ်းဆီးထားတဲ့အပြင် အနက်ရောင်ဝတ်စုံနဲ့ လူငယ်ကို ဆက်လက်ရှာ ဖွေနေတာပါ။
“တမြို့နယ်လုံးမှာ ဖမ်းခေါ်ပြီး စစ်နေတာ ၊ လူငါးဆယ် ပြည့်တော့မယ် ။ ခုထိ ပစ်သတ်သွားတဲ့သူကို ရှာနေတုန်း”လို့ ရေကြည်မြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီ ရဲ့ အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူး အချို့ နဲ့ ရဲနယ်ထိန်းတွေ၊ စရဖ တွေ ၊ ရဲအထူး သတင်းတပ်ဖွဲ့ဝင် တွေ ၊ အပြင် ပျူစောထီး တွေ ၊ သတင်းပေး ဒလန်တွေကို ရပ်ကွက်တွေ၊ ရွာတွေမှာ အနက်ရောင် ဝတ်စုံဝတ် တဲ့သူကို လိုက်လံ စုံစမ်းနေတယ်လို့သိရပါတယ်။
ဒါအပြင် မြို့ဝင် ၊ မြို့ထွက် စစ်ဆေးရေး ဂိတ်တွေမှာလည်း လူငယ်တွေကို အဓိကထားပြီး စစ်ဆေး မေးမြန်းတာတွေ လုပ်နေတယ်လို့ မြို့ခံတွေ ကဆိုပါတယ်။
ဇရပ်လှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတာဘူး ခေါ် ဦးကျော်သိန်းဝင်းကို ရိုးမတိုက်ဂါးတော်လှန်ရေး တပ်ဖွဲ့ က ပစ်သတ်ခဲ့တယ်လို့ ကြေညာချက်ထုတ်ခဲ့ပြီး အဲဒီလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်ခဲ့သူတွေဟာ ဘေးကင်းရာ ပြန်ရောက်နေပြီလို့ သတင်း ထုတ်ပြန်ထား ပါတယ်