ပုသိမ်မြို့နယ်က လူခုနှစ်ယောက် အရက်သောက်ရင်း အဆိပ်သင့်သေဆုံး

Photo – CJ

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ် သလပ်ခွာကျေးရွာအုပ်စု ၊ စပါးထားကျေးရွာက ရွာသား (၇) ဦးဟာ စက်တင်ဘာ (၁၅) ရက်နေ့ နေ့လည်ပိုင်းက ဝိုင်းဖွဲ့အရက်သောက်ရင်း အဆိပ်သင့်သေဆုံးသွားတယ်လို့ ပုသိမ်ဆေးရုံ ဝန်ထမ်းတဦးက ပြောပါတယ်။

“ အရက်ဆီကို ရေနဲ့ရောသောက်ကြတာ။ ရေထဲ့တဲ့ခွက်က ပေါင်းသတ်ဆေးဗူးခွံ အဟောင်းကို သုံးတာဖြစ်နေတယ်။အဲဒါကြောင့် သေရတာလို့” ပြောပါတယ်။

ဒါပေမယ့် ဘာကြောင့် သေဆုံးရတယ်ဆိုတာကိုတော့ DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားစဲ ဖြစ်ပါတယ်။

အသက် (၃၀) နဲ့ (၄၀) ကြားမှာရှိကြတဲ့ ကိုအုန်းသန်း ၊ ကိုခင်စိုး နဲ့ ကိုအောင်မြတ် တို့အပါအဝင် (၇) ဦး အရက်သောက်ရင်း အဆိပ်သင့် သေဆုံးသွားခဲ့ကြတာပါ ။

တဦးက အရက်သောက်တဲ့နေရာမှာပဲ လဲကျသေဆုံးခဲ့တာ ဖြစ်ပြီး ကျန်(၆)ဦးကတော့ ဆေးရုံရောက်ပြီးမှ သေဆုံးခဲ့တာပါ ။ သေဆုံးသူတွေကို ပုသိမ်ဆေးရုံမှာ ရင်ခွဲစစ်ဆေးခဲ့ပါတယ်။

ရင်ခွဲစစ်ဆေးအပြီး ရုပ်အလောင်းတွေကို ဒီနေ့ စက်တင်ဘာ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ ဆေးရုံကနေ သူတို့ရဲ့ မိသားစုဝင်တွေက နေအိမ်ကို ပြန်သယ်ခဲ့ပြီး ပုသိမ်မြို့ခံ ပရဟိတ အဖွဲ့က လူနာတင်ယဉ်တွေနဲ့ ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ် ။

အဲဒီလို အဆိပ်သင့်သေဆုံးမှုနဲ့ ပတ်သက်ပြီး သလပ်ခွာ နယ်မြေရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်နေပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ်ကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ် ။