သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ထီးလင်းပညာရေးဘုတ်အဖွဲ့ ဆန္ဒထုတ်ဖော်

Photo – ထီးလင်းပညာရေးဘုတ်အဖွဲ့

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ဆက်ထားဖို့ ထီးလင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဆရာ၊ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားစုစုပေါင်း နှစ်ထောင့်ငါးရာက စက်တင်ဘာလ ၁၅ ရက်မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံက DNA ကိုပြောပါတယ်။

” သံအမတ်ကြီးဦးကျော်မိုးထွန်းမှတစ်ဆင့် မြန်မာပြည်သူတွေရဲ့အသံ မတရားအာဏာလုထားတဲ့ စစ်အာဏာရှင်လူတစ်စုရဲ့ ရက်စက်ယုတ်မာမှုတွေကို ကမ္ဘာကိုသိစေဖို့အတွက် နိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်ခန့်အပ်ဖို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်” လို့ ပညာရေးဘုတ်အဖွဲ့တာဝန်ခံကပြောပါတယ်။

အဲ့ဒီဆန္ဒထုတ်ဖော်ပွဲမှာ ဟောပြောမူတွေပါဝင်ပြီး ထီးလင်းမြို့နယ် ပကဖ ၊ပလဖ နဲ့ pdf အဖွဲ့ဝင်တွေက တက်ရောက်လာတဲ့ ကျောင်းသူ၊ကျောင်းသားတွေနဲ့ဆရာ၊ဆရာမတွေကို လုံခြုံရေးယူပေးခဲ့တယ်လို့ သိရပါတယ်။

ထီးလင်းမြို့နယ်တွင်းက တခြားနေရာတွေမှာလည်း ဆန္ဒထုတ်ဖော်ပွဲတွေ ဆက်ပြီးပြုလုပ်သွားမယ်လို့ ​
မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံက​ပြောပါတယ်။

ထီးလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့ဟာ NUG ရဲ့ ကြားကာလ ပညာရေးအစီအစဥ်မှာ ပါဝင်ဆောင် ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီးမြို့နယ်အတွင်း ကျေးရွာကျောင်း (၈၀) ကျော်က ကျောင်းသူကျောင်းသား (၇၀၀၀) ကျော်ကို စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမအင်အား ၁၃၀၀ ကျော်နဲ့ မူလတန်းကနေ အထက်တန်းအထိ ပညာသင်ပေးနေတယ်လို့သိရပါတယ်။