ထီးလင်းနယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းမှူး တိုက်ပွဲဒဏ်ရာနဲ့ သေဆုံး

ထီးလင်းမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းမှူးဟာ အောင်းမြောက်ရွာ ဘုန်းကြီးကျောင်းမှာ ဒဏ်ရာကို ဆေးကုသမှုခံနေရင်း ဒီဇင်ဘာ (၁၅) ရက် ဒီကနေ့မှာ သေဆုံးသွားတယ်လို့ ဒေသခံတချို့နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။

“ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်ဆီကနေ သတင်းပေးပို့လာတာပါ၊ ခုစစ်ကြောင်းက ထီးလင်းနဲ့ နှစ်မိုင်လောက်ဝေးတဲ့ သရခါရွာကို ရောက်နေတယ်၊ အဲဒီရွာမှာပဲ သဂြိုလ်မလား၊ ထီးလင်းကို သယ်မလားတော့ မသိဘူး” လို့ ထီးလင်းအခြေစိုက် ကာကွယ်ရေးတပ် YRA စစ်ဦးစီး သခင်ဇော်က ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းမှူး ကျဆုံးတာကို အတည်ပြုလို့ရပြီဖြစ်ပြီး အလောင်းကို အောင်းရွာကနေ သရခါရွာကို သယ်လာတာဖြစ်တယ်လို့ ယောဒေသတွင်း သတင်းတွေ ဖော်ပြနေတဲ့ ဒေသခံ CJ တဦးကလည်း ပြောပါတယ်။

အခုသေဆုံးသွားတဲ့ စစ်ကြောင်းမှူးဟာ ပြီးခဲ့တဲ့လက ရဟတ်ယာဥ်နဲ့ လာချပေးသွားတဲ့ စစ်ကြောင်းမှူးဖြစ်ပြီး အမည်နဲ့ရာထူးကို မသိရသေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ ဖွဲ့စည်းပုံအရ စစ်ကြောင်းမှူးတာဝန်ဟာ အနိမ့်ဆုံး ဗိုလ်မှူးအဆင့်ရှိသူ ဒါမှမဟုတ် ဗိုလ်ကြီးအပွင့်နဲ့ ဗိုလ်မှူးလစာခံစားနေတဲ့ ဗိုလ်မှူးလောင်းလျာတွေ တာဝန်ယူလေ့ရှိတယ်လို့ စစ်တပ်ဖွဲ့စည်းပုံကို နားလည်သူတဦးက ပြောပါတယ်။

“အရေးကြီးတဲ့ စစ်ကြောင်းတွေက အနိမ့်ဆုံး ပတ်ကားဗိုလ်မှူးတွေကိုင်ပြီး အမြင့်ဆုံးက ဒုဗိုလ်မှူးကြီး တပ်ရင်းမှူးတွေ ကိုင်တယ်” လို့ သူကရှင်းပြပါတယ်။

ဒီကနေ့သေဆုံးသွားတဲ့ စစ်ကြောင်းမှူးဟာ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက ထီးလင်းမြို့နယ် ညောင်ဟောင်းရွာ အနီးမှာ ယောတော်လှန်ရေးတပ် (YRA) နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ရခဲ့တဲ့ ဒဏ်ရာကိုကုသရင်း သေဆုံးသွားတာဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စနိုက်ဘာနဲ့ အပစ်ခံရလို့ စစ်ကောင်စီဘက်က တဦးသေပြီး ထိတွေ့တိုက်ပွဲအတွင်း ဆယ်ဦးဝန်းကျင် ဒဏ်ရာရတယ်လို့ YRA က ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ဒဏ်ရာရသူတွေထဲက စစ်ကြောင်းမှူးအပါအဝင်သုံးဦး ဒီကနေ့သေဆုံးတာကို အတည်ပြုနိုင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းက ထီးလင်းမြို့နယ် ပါးမျဉ်းရွာအနီးမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က စစ်ကြောင်းမှူးတဦး သေဆုံးခဲ့သေးတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။