ဇူလိုင်လ ၁၉ရက်နေ့က ဆီးရီးယားနိုင်ငံမြောက်ပိုင်း Al-Bab မြို့က ဈေးတခုမှာ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှု အတွင်း ကလေးငယ် ၅ယောက်ထက်မနည်း အပါအဝင်လူပေါင်း ၁၄ယောက်သေဆုံးခဲ့ပါတယ်။
White Helmets ကယ်ဆယ်ရေးအဖွဲ့က ကနဦးမှာ သေဆုံးသူ စုစုပေါင်း ၉ဦးလို့ ထုတ်ပြန်ခဲ့တာပါ။
ဒါ့အပြင် အဲဒီတိုက်ခိုက်မှုအတွင်း နောက်ထပ်လူပေါင်း ၃၀ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
၁၁နှစ်ကြာ ဆီးရီးယားပဋိပက္ခအတွင်း လက်နက်ကိုင် အဖွဲ့တွေဟာ မြောက်ပိုင်းဒေသတချို့ကို သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေအဖြစ် ဖော်ဆောင်ခဲ့ကြပါတယ်။
အလက်ပိုပြည်နယ်ထဲမှာရှိတဲ့ Al-Bab မြို့ဟာ တူရကီကျောထောက်နောက်ခံပြုတဲ့ သူပုန်တွေ လက်အောက်ကျရောက်ခဲ့ပြီး ကျန်နယ်မြေတွေဟာ ရုရှားကျောထောက်နောက်ခံပြုတဲ့ ဆီးရီးယားအစိုးရတပ်တွေက ထိန်းချုပ်ထားပါတယ်။
ဒါ့အပြင် အမေရိကန်ထောက်ခံတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဦး (SDF)ကတော့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက နယ်မြေတချို့ကို ထိန်းချုပ်ထားပါတယ်။
SDF အကြီးအကဲ Farhad Shami က မနေ့က ဈေးတိုက်ခိုက်မှုဟာ သူတို့အဖွဲ့နဲ့ သက်ဆိုင်မှု မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
လက်ရှိအချိန်ထိ ဒီတိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီး ဘယ်သူ့လက်ချက်ဆိုတာကိုတော့ မသိရသေးဘူး။