ရုရှားအလံတင်သင်္ဘောတွေက ယူကရိန်းရဲ့စပါးတွေကို ဆီးရီးယားနိုင်ငံဆီ ပို့ဆောင်

Photo – AFP

ရုရှားအလံတင်ထားတဲ့သင်္ဘောတွေဟာ ပြီးခဲ့တဲ့ရာသီက ယူကရိန်းမှာရိတ်သိမ်းထားတဲ့ ဂျုံစပါးတွေကို တင်ဆောင်ပြီး ဆီးရီးယားဆီ ပို့ဆောင်ခဲ့တယ်လို့ အမေရိကန် ဂြိုဟ်တုဓာတ်ပုံကုမ္ပဏီ Maxar က ဇွန်လ ၁၆ရက်နေ့မှာ ပြောပါတယ်။

Maxar ရဲ့ဓာတ်ပုံတွေမှာ ရုရှားအလံတင်သင်္ဘောနှစ်စင်းဟာ မေလအတွင်း ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားဆိပ်ကမ်း Sevastopol မှာ ဆိုက်ကပ်ခဲ့ပြီး ဂျုံစပါးတွေတင်ဆောင်ထားတယ်လို့ ဆိုပါတယ်။

Maxar ဂြိုလ်တုတွေက ဆီးရီးယားမှာ ဆိုက်ကပ်ထားတဲ့ အလားတူ သင်္ဘောဓာတ်ပုံတွေကို စုဆောင်းရရှိခဲ့ပြီး နောက်ရက်တွေမှာ စပါးတွေကို သယ်ယူဖို့ ထရပ်ကားတွေ အဆင်သင့်တန်းစီနေတယ်လို့ ဖော်ပြထားပါတယ်။

ရုရှားနဲ့ယူကရိန်းတို့ဟာ ကမ္ဘာလုံးဆိုင်ရာ ဂျုံစပါးတင်ပို့မှုရဲ့ ၂၉ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ရုရှားတပ်တွေက သူတို့သိမ်းပိုက်ထားတဲ့နယ်မြေထဲကနေ ဂျုံစပါးတွေခိုးယူနေတယ်လို့ ယူကရိန်းက စွပ်စွဲထားပါတယ်။

“ရုရှားဟာ သိမ်းပိုက်ထားတဲ့နယ်မြေတွေထဲက ဂျုံစပါးတန်ချိန် ၆ သိန်းခန့် ခိုးယူခဲ့ပြီး တချို့ကို တင်ပို့ခဲ့တယ်” လို့ ယူကရိန်းစိုက်ပျိုးရေးထုတ်လုပ်သူများသမဂ္ဂUAC ရဲ့ လက်ထောက်အကြီးအကဲက ဇွန် ၈ ရက်မှာ ပြောပါတယ်။

“ယူကရိန်းဟာ ကမ္ဘာ့အကြီးဆုံးဂျုံစပါးတင်ပို့ရောင်းချတဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ရုရှားနိုင်ငံရဲ့ ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းတွေကို ပိတ်လိုက်တာဟာ ကမ္ဘာလုံးဆိုင်ရာ အငတ်ဘေးအန္တရာယ်ကို ဖန်တီးလိုက်တာဖြစ်တယ်” လို့ အနောက်နိုင်ငံတွေက စွပ်စွဲထားပါတယ်။