CGF-YGN ပြောက်ကျားအဖွဲ့အပြီးဖျက်သိမ်းကြောင်းထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီကို ဦးတည်ပြီး ပြောက်ကျားစစ်ဆင်ရေးတွေလုပ်ဆောင်နေတဲ့ Civil Guerrilla Force (CGF-Yangon)အနေနဲ့ အဖွဲ့ကိုအပြီးအပိုင်ဖျက်သိမ်းလိုက်ပြီလို့ ထုတ်ပြန်လိုက်ပါတယ်။
အဖွဲ့ဖျက်သိမ်းကြောင်းကို Civil Guerrilla Force (CGF-Yangon)အဖွဲ့က ဇူလိုင် ၂ရက်ညပိုင်းမှာ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့်ကြေညာခဲ့တာပါ။
တပ်ဖွဲ့ဝင်ရဲဘော်တွေအားလုံး အကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးတာခံခဲ့ရတဲ့အတွက် တော်လှန်ရေး လုပ်ငန်းစဥ်တွေ ဆက်လက်ပြီးလုပ်ဆောင်နိုင်စွမ််း မရှိတော့တာကြောင့် အဖွဲ့ကိုအခုလိုဖျက်သိမ်းလိုက်တာလို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာပဲ အကြမ်းဖက်စစ်တပ်က အင်အားအများအပြားသုံးပြီး ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးတာ၊ပိတ်ဆို့ရှာဖွေတာတွေကနေတဆင့် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ အဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အခုလို အဖွဲ့ဝင်တွေအားလုံး အကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးခံလိုက်ရပေမယ့် Civil Guerrilla Force (CGF-Yangon)ရဲ့ Facebookလူမှုကွန်ရက်စာမျက်နှာဟာ လုံခြုံနေသေးတာကြောင့်
အဖွဲ့ကိုထောက်ပံ့ပေးနေတဲ့ ပြည်သူတွေအနေနဲ့ မစိုးရိမ်ဖို့ကိုလည်း ဆိုထားပါတယ်။
Civil Guerrilla Force (CGF-Yangon)အဖွဲ့ဟာ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သလို အကြမ်းဖက်စစ်တပ်နဲ့ ဒလန်ရှင်းလင်းရေးစစ်ဆင်ရေးတွေကို ရန်ကုန်တိုင်းရဲ့မြို့နယ်တော်တော်များများမှာ လုပ်ဆောင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။