စစ်ကောင်စီဟာ ကလေးသူငယ်တွေအပေါ် မညှာမတာတိုက်ခိုက်မှုတွေရှိနေတယ်လို ကုလဖေါ်ပြ

အကြမ်းဖက်စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းရာမှာ ကလေးသူငယ်တွေအပေါ် မညှာမတာတိုက်ခိုက်မှုတွေရှိနေတယ်လို့ ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးကော်မတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
“ကလေးငယ်များအပေါ် မညှာမတာတိုက်ခိုက်မှုများသည် စစ်အာဏာရှင်တို့၏ အလွန်ဆိုးညစ်သော ယုတ်မာမှု နှင့် မြန်မာပြည်သူတို့အား ၎င်းတို့၏လက်အောက်သို့ သွပ်သွင်းနိုင်ရန်အတွက် အပြစ်မဲ့ပြည်သူတို့အား ကြီးမားလှသော ဆင်းရဲဒုက္ခနှင့် ခက်ခဲပင်ပန်းမှုတို့ ခံစားရအောင် ကျူးလွန်ရန် ဆန္ဒရှိနေမှုတို့အား ပေါ်လွင်စေသည်”လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်း စစ်ဆေးရေးအရာရှိက ထဲ့သွင်းရေးသားထားပါတယ်။
ကလေးသူငယ်တွေအပေါ် ရက်စက်ယုတ်မာစွာ ကျူးလွန်မှုတွေထဲမှာ ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်တာ ၊ လက်သည်းနဲ့ သွားတွေကို နှုတ်တာ ၊ ဓါးနဲ့ထိုးတာ ၊ မီးရှို့တာ ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ ၊ သေဒဏ်စီရင်မယ်လို ကြေညာတာ ၊ အစာရေဆာ ဖြတ်တောက်တာ နဲ့ ဆေးကုသခွင့်မပေးတာတို့ ပါဝင်တယ်လို့ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ဒဏ်ခံနေရတဲ့ မျိုးဆက်တွေကို ကယ်တင်ဖို့ အချိန်နှောင်းနေပြီလို့လည်း ကလေးသူငယ်အခွင့်အရေးကော်မတီက အခိုင်အမာ ပြောဆိုထားပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ လူအခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကတော့ ဒီကြေညာချက်ကို ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ အလျှင်အမြန်အရေးယူဆောင်ရွက်သွားဖို့ကိုလည်း တိုက်တွန်းထားတယ်လို့ သိရပါတယ်။