လေးကေ့ကော်ညတိုက်ပွဲ အကြမ်းဖက်စစ်တပ် နှစ်ကြိမ်တိုင် ဆုတ်ခွာပြေးခဲ့ရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက လေးကေ့ကော်အနီးက တောင်းကုန်တခုကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ကူတွေနဲ့ စစ်ကြောင်းထိုးခဲ့ပေမယ့် နှစ်ကြိမ်တိုင် ဆုတ်ခွာပြေးခဲ့ရတယ်လို့ Cobra Column Page က သတင်းထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းဟာ ၄၀မမ ၊ ၈၁ မမ၊ ၁၂၀မမ စတဲ့ လက်နက်ကြီးပစ်ကူတွေနဲ့ ထိုးစစ်ဆင်ခဲ့ရာမှာ ကော်ဘရာတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်အုပ်စုဟာ ည ၁၀ နာရီခွဲလောက်မှာ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ည ၁၁ နာရီလောက်မှာ နောက်တကြိမ် ထပ်မံတိုက်ခိုက်လာခဲ့ပြီး ကော်ဘရာတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထပ်မံဆုတ်ခွာခဲ့ရပြန်တယ်လို့ ရေးသားထားပါတယ် ။ အဲဒီလို ဆုတ်ခွာသွားပြီး ည ၁နာရီအချိန်မှာ အကြမ်းဖက်စစ်အုပ်စုဟာ ရွှေညောင်ပင် ၊ကြက်ကင်ကုန်းကနေ ၁၂၀မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကော်ဘရာစစ်သည်တဦး ကျဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ သိရပါတယ် ။ အဲဒီ ညတိုက်ပွဲတွေမှာ အကြမ်းဖက်စစ်အုပ်စုဘက်က ၂ ယောက်သေပြီး ၇ ယောက်ဒဏ်ရာရသွားတယ်လို့လည်း Cobra Column ကရေးသားထားပါတယ်။
အဲဒီနောက် ကော်ဘရာတပ်ဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ (၆၀) မမ ဗုံးသီး (၄)လုံး၊ (၄၀) မမ ဗုံးသီး တစ်လုံး၊ RPG ဗုံးသီးနှင့် ယမ်းတောင့် (၁) ခု သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။