ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်အချို့မှာ ဇွန် ၁၆ရက်နေ့ တစ်ရက်တည်း ဗုံးပေါက်ကွဲမှု ၂၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ မနေ့က မနက် ၅နာရီကျော်လောက်ကနေစပြီး ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တာပါ။
မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ မြောက်ဥက္ကလာလျှပ်စစ်ရုံးအနီးမှာ တစ်ကြိမ်၊မနက် ၁၁နာရီ မိနစ် ၃၀လောက်မှာ မေဓာဝီလမ်းဆုံအနီးမှာ တစ်ကြိမ် ပေါက်ကွဲခဲ့ပါတယ်။
မနက် ၁၀နာရီ ဝန်းကျင်လောက်မှာ မေဓာဝီစျေးလမ်းအနီး စာသင်ကျောင်းနားမှာလည်း ဗုံးလန့်မှုဖြစ်ခဲ့သလို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နဲ့ရွှေပြည်သာမြို့နယ်တွေမှာလည်း ဗုံးပေါက်ကွဲမှုနဲ့ ဗုံးလန့်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အခုလို ဗုံးဖောက်ခွဲမှုတွေကို လုပ်ဆောင်ခဲ့တာဟာ NITRC Armed forces အဖွဲ့က လုပ်ဆောင်တာဖြစ်တယ်လို့ ဒီကနေ့ ဇွန် ၁၇ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
အခုလိုဗုံးဖောက်ခွဲမှုတွေကို လုပ်ဆောင်ခဲ့တာဟာ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ မတရားဖမ်းဆီးထားတဲ့ ကိုမောင်ကျော်(ခ) ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ(ခ) ကိုကျော်မင်းယုတို့နဲ့အတူ ရဲဘော်ရဲဘက်တွေအပေါ် စစ်အုပ်စုရဲ့ ဩဇာခံ တရားရုံးက မတရားအမိန့်ပြစ်ဒဏ်ချမှတ်တာ၊အကျဉ်းထောင်တွေအတွင်း မတရားဖိနှိပ် နှိပ်ကွပ်နေတာတွေကြောင့် သတိပေးတုံပြန်တဲ့ အနေနဲ့ ပြုလုပ်တာဖြစ်တယ်လို့ NITRC ဆိုပါတယ်။
ဖောက်ခွဲမှု၂၀ကျော်ဆောင်ရွက်ခဲ့တဲ့အထဲမှာ ၃နေရာ က ပေါက်ကွဲမှုမရှိခဲ့ပဲ ၄ နေရာကိုတော့ စစ်ကောင်စီတပ်သားတွေကရှင်းလင်းသွားခဲ့ပြီး စစ်အုပ်စုဖက်ကထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုအခြေနေကိုတော့ မသိရှိရသေးဘူးလို့လည်း ဆိုပါတယ်။
DNAသတင်းဌာနက သိရှိရတဲ့သတင်းတွေအရတော့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ဧရာဝဏ်လမ်းဘေး ၊စိုပြေတည်းခိုခန်းအနီးမှာ အထုပ်တစ်ထုပ်ချနေတဲ့ အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်တပ်က ခေါ်မေးရာ ထွက်ပြေးတဲ့အတွက် အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လှိုင်သာယာမြို့နယ်မှာလည်း အကြမ်းဖက်စစ်တပ်က အမျိုးသားတစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။