“အလောင်းမြင်ချင်ရင် ကျောင်းတက်ခိုင်းပါ” ခြိမ်းခြောက်စာကြောင့် ကျောင်းသားတွေ ကျောင်းမတက်ဘဲ လှည့်ပြန်

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာရှိတဲ့ အထက ၂ကျောင်းရဲ့ ကျောင်းဘေးမှာ ခြိမ်းခြောက်စာ ကပ်ထားတာကြောင့် ကျောင်းတက်မယ့် ကျောင်သား၊ကျောင်းသူတွေဟာ ကျောင်းမတက်ပဲ လှည့်ပြန်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၁၄ရက်၊မနက်ပိုင်းက ” ကျောင်းမသွားနဲ့ ဖလမ်းနာမည်ပျက်တယ်။ ခင်များတို့သားတွေရဲ့အလောင်းကိုမြင်ချင်ရင်ကျောင်းတက်ခိုင်းပါ” လို့ ချင်းဘာသာနဲ့ရေးသားထားတဲ့ ခြိမ်းခြောက်စာကပ်ထားတာကို ကျောင်းသားမိဘတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အခုလို ခြိမ်းခြောက်စာဟာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့လုပ်ဆောင်တာမျိုးမဖြစ်နိုင်ဘူးလို့ ဒေသခံတွေကသုံးသပ်ပြောဆိုပါတယ်။
” ဒေသခံတော်လှန်ရေးသမားတွေအနေနဲ့ ဒီလိုစာမျိုးကပ်မှာမဟုတ်ဘူးလို့ ကျမယုံတယ်။ ခံပြင်းစိတ်ပြင်းထန်နေတဲ့ မြို့သားတစ်ယောက်ယောက်ကပ်တာနေမှာပါ” လို့ ဖလမ်းမြို့ခံတစ်ဦးက ဆိုပါတယ်။
ချင်းပြည်နယ်၊ဖလမ်းမြို့၊ကျင်မွှာလ်ရပ်ကွက်မှာရှိတဲ့ အထက ၂ ကျောင်းအနီးမှာ ဇွန် ၁၃ရက် ည ၁၀နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။
အသံဗုံးပေါက်ကွဲတာဖြစ်ပြီး အကြမ်းဖက်စစ်သားတွေကတော့ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မှာ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ​ဒေသခံတွေကပြောပါတယ်။