မြဝတီခရိုင်၊ဖလူးလေးရွာအနီး၊ပလောတပို့စစ်ရှောင်စခန်းက အိမ်ထောင်စု၄၀၀ကျော်ကို မြဝတီ-ဝေါ်လေ ကားလမ်းမဘေးမှာ မြေအပိုင်ပေးဖို့ စီစဉ်နေကြောင်းသိရပါတယ်။
ပလောတပို့စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၄၁၃စုရှိပြီး တစ်အိမ်ထောင်ကို ပေ၄၀X၆၀(သို့မဟုတ်)ပေ၆၀x၈၀မြေတစ်ကွက်စီနဲ့အိမ်ဆောက်ပေးကာ လုပ်ကိုင်စားသောက်ဖို့အခြေအနေ တစ်ခု ဖန်တီးပေးဖို့ အစီအစဉ်စတင်နေပြီလို့ ဖလူးလေးဒေသခံတစ်ဦးကပြောပါတယ်။
‘အမည်မဖော်လိုတဲ့အလှူရှင်ပေါ့။မြေနဲ့အိမ် စားဝတ်နေရေး ကုန်ကျတာအကုန်ပေးပါမယ်။မြန်မာအလှူရှင် တစ်ဦးပါ’လို့ သူကပြောပါတယ်။
လက်ရှိ ပလောတပို့စစ်ရှောင်စခန်းမှာ မိုးတွင်းကာလ နေထိုင်မှုအဆင်ပြေစေရေးအတွက် တဲတွေဆောက်လုပ် ပြီးပြီဖြစ်ပြီး အလှူရှင်တွေရှိတဲ့အတွက် စားသောက်မှုအဆင်ပြေတယ်လို့လည်းပြောပါတယ်။
‘မဲဆောက်ဘက်အခြမ်းက ပရဟိတ အလှူရှင်အစုအဖွဲ့ငယ်တွေရဲ့ လှူဒါန်းမှုရှိပါတယ်။အဖွဲ့ကြီးအနေနဲ့ ကရင်လူမှုကူညီရေးအ ဖွဲ့က ပုံမှန်လှူဒါန်းနေတာရှိတယ်’လို့ သူကဆက်ပြောပါတယ်။
လေးကေ့ကော်ဒေသရှိ ပဟိကလော်၊ထီးမယ်ဝါးခီး၊လေးကေ့ကော်နဲ့ရသေ့ဂူ က ဒေသခံအားလုံးမှာ ဒီနေ့ထိတိုင် စစ်ရှောင်စခန်းကနေ အိမ်ပြန်လို့မရသေးပါဘူး။
ဖလူးကြီးရွာသားရာခိုင်နှုန်း၈၀ကျော်နဲ့ ဖလူးလေးရွာသားရာခိုင်နှုန်း၃၀လောက် ရပ်ရွာထဲပြန်လည်နေထိုင်နေ ကြပြီဖြစ်ပြီး မင်းလက်ပန်၊အင်ကြင်းမြိုင်နဲ့မယ့်ထော်သလေးရွာသားအားလုံးတို့မှာ သူတို့ရပ်ရွာထဲ ပြန်ရောက် နေပြီဖြစ်ကြောင်းသိရပါတယ်။
လေးကေ့ကော်မြို့သစ်ထဲကို ၂၀၂၁ခုနှစ်ဒီဇင်ဘာ၁၄ရက်မှာ အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တဲ့အချိန်ကစပြီး လေးကေ့ကော်ဒေသခံတွေဟာ ဒီနေ့ထိတိုင် အိမ်ပြန်လို့မရသေးပါဘူး။