မော်ခီးအခြေစိုက် စစ်အုပ်စုစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက် သိမ်းပိုက်

မြဝတီခရိုင်၊ ဝေါ်လေမြို့နယ်ခွဲ၊ မော်ခီးကျေးရွာအခြေစိုက် အကြမ်းဖက်စစ်အုပ်စု ခြေလျင်တပ်ရင်း(ခလရ-၃၂) စခန်းကို ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၆) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ၂၀၁ တပ်ရင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ဒီနေ့ ညနေ ၅နာရီအချိန်လောက်က ဝင်ရောက် သိမ်းပိုက်လိုက်တယ်လို့ KNLA ဘက်က အတည်ပြု ပြောဆိုကြောင်း KIC က ဖော်ပြပါတယ်။
မောခီး အခြေစိုက် ခလရ-၃၂ တပ်ရင်းစခန်းနဲ့ အဲဒီတပ်ရင်းကို လုံခြုံရေးပေးနေတဲ့ ခြေမြန်တပ်ရင်း(ခမရ-၅၅၅ )စစ်ကြောင်း(၂) တပ်ဖွဲ့ကို ဒီနေ့မနက်ကစပြီး KNLA ၂၀၁ တပ်ရင်းနဲ့ မကြာသေးခင်က KNLA ထံ လာရောက်ပူးပေါင်းတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် -DKBA တပ်မှူးဟောင်း ဗိုလ်စောနော်ခူးတို့ ပူးပေါင်း တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
ဒီနေ့ ညနေ ၅နာရီဝန်းကျင်တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNLA ၂၀၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဘူးဖောက အခုလို ပြောပါတယ်။
“မောခီးစခန်းကို ကျနော်တို့ လူတွေ မနက်ကတည်းက သွားတက်တာ၊ ၅ နာရီလောက်ကျတော့ အဲ့စခန်းကျသွားတာပဲ။ အခုတော့ စခန်းကို ရှင်းလင်းနေတုန်းပဲ။ ဒါပေမဲ့ ကနဲလေးဘက်ကတော့ ၁၂၀ နဲ့ လှမ်းလှမ်းပစ်နေတုန်းပဲ။ အချက်ပေါင်း တစ်ဆယ်နှစ်ဆယ်လောက်ရှိပြီး။”လို့ ဒုတိယဗိုလ်မှူးကြီး စောဘူးဖောက KIC ကို ပြောပါတယ်။
မောခီးစခန်မှာ စစ်အုပ်စု တပ်ဖွဲ့ဝင် ၂၈ ဦးလောက်ရှိပြီး လက်ရှိအချိန်ထိ လက်နက်ခဲယမ်း သိမ်းဆည်းရမိမှုနဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို အသေးစိတ်မသိရှိရသေးပါဘူး။ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ထိခိုက်သေဆုံးမှု မရှိဘူးလို့ KNLA ၂၀၁ တပ်ရင်းမှူးက ဆက်ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ မတ်လ ၁၃ရက်နေ့က ခြေမြန်တပ်ရင်း (ခမရ-၅၅၅)နဲ့ ခြေလျင်တပ်ရင်း (ခလရ-၃၂) က စခန်းမှူး ၊ ဒုစစ်ကြောင်းမှူး နှစ်ဦးအပါအဝင် သူတို့ကို လုံခြုံရေးပေးတဲ့ တပ်သား နှစ်ဦးကိုလည်း KNLA တပ်ရင်း ၂၀၁နဲ့ ပူးပေါင်း တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သေးတယ်။
Photo- KIC
Source- KIC