ဖလူးလေးက စစ်ဘေးသင့်ပြည်သူ ၅၀ကျော် ကိုဗစ်ရောဂါ ကူးစက်ခံထားရ

မြဝတီမြို့နယ်၊ ဖလူးလေးရွာက စခန်းသစ်စစ်ရှောင်စခန်းရှိ စစ်ဘေးသင့်ပြည်သူ ၅၀ ကျော် ကိုဗစ်ရောဂါကူးစက် ခံထားရတယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်အနီး မြန်မာဘက်ခြမ်းက ဖလူးလေးရွာမှာဖွင့်လှစ်ထားတဲ့ စခန်းသစ်စစ် ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူ ၈၀၀ ကျော်ရှိတဲ့အနက် စစ်ရှောင် ၅၂ ဦး ကိုဗစ်ကူးစက်ခံနေရတယ်လို့ စခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
‘ဖြစ်တာက ဖေဖေါ်ဝါရီ၂၀ ရက်နေ့လောက်ကစပြီးဖြစ်တာ။လက်ရှိလည်းဖြစ်နေတယ်။ နေမကောင်းတဲ့လူကို စစ်လိုက်ရင် ပေါ်တာပါပဲ။ ၅၂ ဦး ကူးစက်ခံထားရတယ်’လို့ သူကပြောပါတယ်။
ကိုဗစ်ကူးစက်ခံထားရသူတွေကို သီးခြားခွဲထားကာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အလုံအလောက်ပေးထားတယ်လို့ ဆိုပါတယ်။
‘တအားဆိုးဆိုးရွားရွားမရှိဘူး။ နှာစေး၊ ချောင်းဆိုး၊ ဖျား အဲဒီလောက်ပါပဲ’လို့သူက ဆက်ပြောပါတယ်။
အရင်လေးကေ့ကော်မြို့သစ်မှာ ကိုဗစ်စင်တာဖွင့်လှစ်ခဲ့ဖူးတဲ့အတွေ့အကြုံနဲ့ ကိုဗစ်ကာကွယ်ကုသရေးဆိုင်ရာ ပစ္စည်းတွေရှိနေတာကြောင့် အဆင်ပြေနေတယ်လို့ သိရပါတယ်။
‘ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေလည်းရှိတယ်။ စားစရာတွေကိုထိုင်းဘက်ခြမ်းကအလှူရှင်တွေလာပို့ကြတယ်။ အခုကတော့ မိုးရွာရင် စစ်ရှောင်တွေအဆင်ပြေအောင် တဲတွေဆောက်နေတယ်။ မိသားစုတစ်စုကို တဲတစ်တဲ ပေါ့’လို့ သူက ဆက်ပြောပါတယ်။
၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ လေးကေ့ကော်ဒေသကိုအကြမ်းဖက်စစ်တပ်ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ဒီနေ့ထိတိုင် အိမ်မပြန်နိုင်ကြရသေးပါဘူး။
စခန်းသစ်စစ်ရှောင်စခန်းရောက်စစ်ရှောင်တွေဟာ လေးကေ့ကော်၊ မယ်ဝါးခီး၊ ရသေ့ဂူ၊ ဖလူးကြီး၊ ဖလူးလေးနဲ့ ပဟိကလော်ရွာက ဒေသခံတွေ ဖြစ်ပါတယ်။