စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်တွေ အရေးအပေါ် အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ဒေသတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေအကြား နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်အုပ်စုက ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကိုပါ ဖျက်ဆီးတိုက်ခိုက်နေတာကြောင့် ပြည်သူသောင်းနဲ့ချီကာ စစ်ဘေးတိမ်းရှောင်​နေကြရပါတယ်။
လက်တလောမှာ မိုးရာသီကို စတင်ဝင်ရောက်လာပြီး စစ်ဘေးရှောင်စခန်းတွေမှာ အမိုးအကာ မလုံလောက်တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ ခိုလှုံစရာ နေရာတွေ အရေးပေါ်လိုအပ်လာတာပါ။
“အမိုးအကာ ဆေးဝါးနဲ့ ရိက္ခာကတော့ အဓိကပဲ အခုမိုးကစရွာနေပြီ စစ်ဘေးရှောင်တွေအတွက် နေစရာနေရာ အရမ်းလိုအပ်နေတယ်”လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီမှ ကိုအာကူးက ပြောပါတယ်။
ဒါ့အပြင် မိုးရာသီအစပိုင်းမှာ ဖြစ်ပွားတတ်တဲ့ ရာသီတုတ်ကွေးနဲ့ ဝမ်းပျက် ဝမ်းလျှောရောဂါတွေလည်း စတင်ဖြစ်ပွားလာနေတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့စစ်ရှောင်စခန်းမှာကမိုးနည်းနည်းကျလာပြီဆိုတော့ဝမ်းပျက်ဝမ်းလျှောနဲ့ရာသီတုပ်ကွေးပေါ့နှာစေးချောင်းဆိုးတွေဖြစ်နေတယ်။ ဒါ့ကြောင့်ဆေးဝါးလိုအပ်ချက်ရှိနေတယ်”လို့ စစ်ဘေးရှောင်တွေကို ဆေးဝါးအကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးစဉ်မှာ လက်နက်ကြီးတွေနဲ့ ကြိုတင်ပစ်ခတ်ပြီးမှ စစ်ကြောင်းထိုး ဖျက်ဆီးတာဖြစ်တာကြောင့် ပြည်သူတွေဟာ ဘာကိုမှ သယ်ယူနိုင်တာမရှိဘဲ အသက်လုထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
“ရွာကို ဝင်စီးတယ် အိမ်တွေကိုဖျက်ဆီးဝင်တယ် သူတို့လိုချင်တာတွေ ယူပြီးတာနဲ့ စစ်ကောင်စီ ရွာကို မီးရှို့ပြီး ပစ်သွားခဲ့တာ”လို့ ယင်းမာပင်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေသူတစ်ဦးကပြောပါတယ်။
စစ်ဘေးရှောင်ဦးရေတွေဟာ နေ့စဉ်ပိုမိုများပြားလာ​နေပြီး မိုးစတင်ရွာသွန်းနေတာကြောင့် အမိုးအကာတွေအရေးပေါ် လိုအပ်ကာ၊ ဆေးဝါးနဲ့ရိက္ခာတွေ အမြန်ဖြည့်တင်းထားနိုင်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းကို သာလွန်လက်နက်အင်အား လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေကို နေ့စဉ်လုပ်ဆောင်ကာ ပြည်သူတွေရဲ့ နေအိမ်တွေလုယက်ဖျက်ဆီးပြီး မီးရှို့တာ​တွေကို ရည်ရွယ်ချက်ရှိရှိကျူးလွန်နေတာဖြစ်တယ်လို့ ဒေသခံတွေက ​ပြောပါတယ်။