အာဆီယံရဲ့ မြန်မာစစ်တပ်နဲ့ ကာကွယ်ရေးကဏ္ဍပူးပေါင်းမှု စက်ဆုပ်ဖွယ်ကောင်းကြောင်း JFM ဝေဖန်

အာဆီယံရဲ့ မြန်မာအကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးကဏ္ဍ ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုဟာ စက်ဆုပ်စိတ်ပျက်ဖွယ်ကောင်းကြောင်း Justice For Myanmar က ဝေဖန်လိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာ မေလ ၁၇ နဲ့ ၁၈ ရက်တုန်းကပြုလုပ်တဲ့ အာဆီယံအကြီးတန်း ကာကွယ်ရေးအရာရှိများအစည်းအဝေး (ADSOM) နဲ့ ADSOM-Plus မိတ်ဖက် အစည်းအဝေးကို သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့အတူ မြန်မာကာကွယ်ရေးဝန်ကြီးဌာန၊ ကိုယ်စားလှယ်အဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဇော်ဇော်စိုး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဇော်ဇော်စိုးဟာ အကြမ်းဖက်အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ဝန်ထမ်းဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကိုယ်စားလှယ် မဟုတ်ဘူးလို့ Justice For Myanmar ကပြောပါတယ်။
အာဆီယံနဲ့ အမေရိကန်တို့က ‘မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များဆိုင်ရာ ကတိကဝတ်များကို ထင်ဟပ်စေမည့် ငြိမ်းချမ်းရေးအဖြေတစ်ခုဆီသို့ရောက်ရှိရန် ကျွန်ုပ်တို့၏ စုပေါင်းကြိုးပမ်းအားထုတ်မှုများကို နှစ်ဆတိုးမြှင့်မည်ဟု ကတိပြုပါသည်’ ဆိုတဲ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ပြီး တစ်ပတ်အကြာ အာဆီယံ -အမေရိကန် ကာကွယ်ရေးအရာရှိများ တွေ့ဆုံပွဲမှာ မြန်မာအကြမ်းဖက်စစ်တပ် ပါဝင်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ပူးတွဲကြေညာချက်ထုတ်ပြန်အပြီး မြန်မာစစ်တပ်နဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း ချဲ့ထွင်နေခြင်းဟာ အာဆီယံရဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပိုနေမြဲ ကြားနေမြဲ ဆက်ဆံရေးကို ဖုံးကွယ်ဖို့ ဟန်ပြထုတ်ပြန်ခြင်းဖြစ်ကြောင်း ရက်စက်ကြမ်းကြုတ်လှတဲ့ ရာဇ၀တ်မှုတွေကို အရေးယူခံရခြင်း အလျဉ်းမရှိဘဲ အတင့်ရဲစွာ ဆက်လက်ကျူးလွန်ရဲအောင် အားပေးအားမြှောက်လုပ်ခြင်းဖြစ်ကြောင်း Justice For Myanmar က ပြောပါတယ်။
အကြမ်းဖက် စစ်အုပ်စုကို အာဆီယံရပ်ဝန်းတခုလုံးရဲ့ အစည်းအဝေးတွေနဲ့ လှုပ်ရှားမှုအားလုံးကနေ ချက်ချင်းဖယ်ထုတ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံတရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုကြောင်းလည်း Justice For Myanmar က ဆိုပါတယ်။