အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေးကိစ္စ မြန်မာ ရွှေ့ဆိုင်းဖွယ်ရှိကြောင်း သံတမန် အသိုက်အဝန်းဆို

သြဂုတ်၊ ၁၆

၂၀၂၆ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ကို မြန်မာနိုင်ငံက အလှည့်ကျော်ပြီး ရွှေ့ဆိုင်းစေတာမျိုး ဖြစ်လာနိုင်ကြောင်း အာဆီယံရဲ့ သံတမန် အသိုက်အဝန်းက ပြောပါတယ်။

အာဆီယံ သဘောတူညီမှုတွေအရ အဖွဲ့ဝင် ၁၀ နိုင်ငံဟာ အင်္ဂလိပ်စကားအရ နာမည် အက္ခရာစဉ်အတိုင်း အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို တလှည့်စီ ထမ်းဆောင်ရပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဟာ အရှေ့တောင်အာရှ နိုင်ငံတွေ စုစည်းထားတဲ့ အဖွဲ့ရဲ့ တနှစ်တာ လှုပ်ရှားမှု မူဝါဒရေးရာ ကဏ္ဍတွေမှာ အဓိက ဦးဆောင်ရလေ့ ရှိပါတယ်။

လက်ရှိ အချိန်မှာ အင်ဒိုနီးရှားက အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ၂၀၂၄ မှာ လာအို၊ ၂၀၂၅ ခုနှစ်မှာ မလေးရှားနဲ့ ၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံတွေက အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရမှာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် နေပြည်တော် အခြေစိုက် အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေဟာ ၂၀၂၇ မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမယ့် ဖိလစ်ပိုင်နဲ့ အလှည့်ချင်းလဲဖို့ ညှိနှိုင်းနေကြောင်း သံတမန်ရေးရာ အသိုက်အဝန်းက ထိုင်းရဲ့ PBS သတင်းဌာနကို ပြောပါတယ်။

ဒါပေမဲ့ အဲဒီလို အလှည့်ပြောင်းဖို့ကိစ္စ လက်တွေ့ ဖြစ်မဖြစ် ဆိုတာကတော့ မသေချာသေးပါဘူး။ မြန်မာ စစ်ဗိုလ်ချုပ်တွေက ၂၀၂၆ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌနေရာ ရယူဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ယူဆလာဟန် ရှိတာက မြန်မာ့နိုင်ငံရေး အခြေအနေတွေ ပိုပြီး မရေမရာ ဖြစ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်နိုင်တာကြောင့် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

လောလောလတ်လတ် အနေနဲ့ စစ်တပ်ဟာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ကိုယ်တိုင်ပေးထားတဲ့ ကတိကို ပြန်ဖျက်ပြီး အရေးပေါ် အခြေအနေ ကြေညာတဲ့ ကာလကို သက်တမ်း ထပ်တိုးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့ပြီးတဲ့နောက် ဒီမိုကရေစီရေး တောင်းဆိုတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပြင်းပြင်းထန်ထန် စစ်ခင်း တိုက်ခိုက်နေပြီး အာဆီယံအတွက် ခေါင်းအခဲရဆုံး ဒေသတွင်း ပြဿနာ တခုကို ထွက်ပေါ်လာစေခဲ့ပါတယ်။ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထောင်နဲ့ချီ သေဆုံးခဲ့သလို သန်းနဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ညွှန်ကိန်းတွေအားလုံး ကျွမ်းထိုးမှောက်ခုံ စိုက်ဆင်းကုန်ပါတယ်။

အာဆီယံဟာ မြန်မာ့အရေး ကူညီဖြေရှင်းဖို့ ဘုံသဘောတူညီချက် ၅ ရပ်ကို သတ်မှတ် ပြဋ္ဌာန်းထားပေမယ့် ထိရောက်မှု ကင်းမဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ကြုံနေရပါတယ်။ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားကလည်း မြန်မာ့ အရေးကို နည်းလမ်းပေါင်းစုံနဲ့ ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားပေးနေပေမယ့် တိုးတက်မှု အလားအလာတော့ မတွေ့ရပါဘူး။

လက်ရှိ အခြေအနေမှာတော့ အာဏာသိမ်း စစ်တပ်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီမှု ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံရဲ့ နိုင်ငံရေးအဆင့် ဆွေးနွေးပွဲတွေမှာ မြန်မာ့ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

 

Ref: PBS