အကြမ်းဖက်စစ်အုပ်စုတပ်တွေ ထိုးစစ်ဆင်လို့ ပုလဲကရွာ၄၀လောက် တောထဲ တိမ်းရှောင်နေရ

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်းအတွင်းထိုးစစ်ဆင်မယ်ဆိုတဲ့သတင်းနဲ့ စစ်အင်အားတိုးချဲ့နေတဲ့အခြေအနေ တွေအရ ပုလဲ မြို့နယ်ထဲက ရွာ၄၀လောက်ဟာ တောထဲထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ရှောင်ရွာ၄၀လောက်ဟာ သူတို့ရွာတွေနဲ့ ၂မိုင်ဝန်းကျင်ရှိတဲ့တောတွေထဲ မိုးကာတဲထိုးနေထိုင်နေကြ တယ်လို့ ပုလဲမြို့နယ်အတွင်းရှိ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုပေကပြောပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်မတော်ကလည်း ပုလဲမြို့နယ်ထဲ စစ်ရှောင်ပြည်သူ၄၀၀ကျော်ရှိပြီလို့ ထုတ်ပြန် ထားပါတယ်။

ဒီလပထမပတ်ကစလို့ စစ်ယာဉ်တန်းတွေဟာ ပုလဲ-ဂန့်ဂေါလမ်းတစ်လျှောက် အတက်အဆင်းပြုလုပ် ကြသလို သံချပ်ကာကားတွေကိုပါတွေ့လာရပြီး ကားလမ်းဘေးတစ်လျှောက်က ရွာတွေကို မီးရှို့ဖျက် ဆီးတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

‘ပုလဲ-ဂန့်ဂေါလမ်းတစ်လျှောက်ကရွာတွေကို မြေပြင်ထိုးစစ်ဆင်မယ်ထင်တယ်လို့ သူကသုံးသပ်ပါ တယ်။

ယမန်နေ့ကလည်း အကြမ်းဖက်စစ်သား၆၀၀ကျော်ပါတဲ့ စစ်ကား ၁၀၀ကျော်ဟာ ပုလဲ-ဂန့်ဂေါ လမ်း တစ်လျှောက် အတက်အဆင်းပြုလုပ်နေကြပြီး စစ်အင်အား၂၀၀ကျော်နဲ့ သံချပ်ကာကားတစ်စီးကို ပုလဲမြို့နယ်၊မိုင်တိုင်၃၄နားက ကန့်ဒေါင့်ရွာ စာသင်ကျောင်းမှာ စခန်းချထားပါတယ်။

မနေ့က ပုလဲမြို့နယ်အတွင်းက နေရာ၄ခုမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေမိုင်းဆွဲတိုက်ခိုက်ခံရပေမဲ့ ပျက်စီး ထိခိုက်မှုသိပ်မရှိဘူးလို့ ကိုပေကပြောပါတယ်။

ယမန်နေ့က ပုလဲမြို့နယ်၊ခင်အေးရွာက ကားလမ်းဘေးအိမ်၇လုံးကို စစ်အကြမ်းဖက်တွေ မီးရှို့ခဲ့ပါတယ်။ ရွာခံတွေက စစ်အုပ်စုလာပြီဆိုတာနဲ့ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာကြောင့် ထိခိုက်မှုမရှိပေမဲ့ အိမ်မှာ ကျန်ခဲ့တဲ့ပစ္စည်းတွေလုယက်ခံရပါတယ်။

‘အရက်ဆိုင်တွေ့ရင် အရက်တွေယူသောက်တယ်။ပုလင်းတွေပါယူသွားတယ်။တခြားသူတို့သယ်နိုင်တာ တွေ့ရင်အကုန်သယ်ကြတယ်’ လို့ ကိုပေကဆက်ပြောပါတယ်။

ဒီနေ့မနက် ၄နာရီလောက်မှာ ဂန့်ဂေါကနေ ပုလဲဘက်စစ်ကား၂၀ကျော်ဆင်းလာတာတွေ့ရပြီး မုံရွာဘက် စစ်ကား၆စီးနဲ့ကျန်တာ ပခုက္ကူဘက်သွားတယ်လို့ သိရပါတယ်။

‘မနက်တုန်းက ပုလဲမြို့ပေါ်ကနေ ၁၈မိုင်လောက်ဝေးတဲ့ ဘုရားတောင်ရွာနားမှာ မိုင်းတစ်လုံးကွဲသံ ကြားတယ်။စစ်သားတွေ ထိခိုက်မှုသိပ်မရှိဘူးကြားတယ်’လို့ သူကဆိုပါတယ်။

ဒီနေ့ညနေအထိ ပုလဲမြို့နယ်ထဲ ထူးခြားမှုမရှိသလို စစ်အုပ်စုတပ်တွေလည်း ငြိမ်နေပါတယ်။

ပုလဲနဲ့ကပ်လျက် ယင်းမာပင်မြို့အခြေစိုက် ပြောက်ကျားရဲဘော်တစ်ဦးက ယမန်နေ့က ယင်းမာပင်နဲ့ ဖိုဝင်တောင် ကြား မိုင်းဆွဲခံရတာကြောင့် စစ်အုပ်စု အထိနာခဲ့ပြီးနောက် အခုချိန်ထိ ငြိမ်နေတယ်လို့ ဆိုပါတယ်။

‘မနေ့ကဆိုင်ကယ်အစီး၂၀ကျော်နဲ့ စစ်ကား၃စီး ယင်းမာပင်ဘက်ရောက်လာတာ အတွဲလိုက်ကွဲတဲ့ ပဒေသာမိုင်းပေါက်ကွဲလို့ အကြမ်းဖက်စစ်တပ်ဗိုလ်ကြီးခေါင်းပွင့်တယ်။တပ်သားတွေလည်း သေကြတယ်’လို့သူကဆိုပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုဟာ ချင်းတွင်းတံတားကို ပိတ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

‘ဒီနေ့၂နာရီလောက်တုန်းကတော့ ပုံတောင်ပုံညာ ကြောဒေသကနေ စစ်ကား၄စီးဆင်းလာတယ်။ ပုလဲမြို့နယ်ထဲက၅၇မိုင် နားရောက်နေတယ်ကြားတယ်။အခုထိ အောက် ထပ်မဆင်းလာသေးဘူး’ လို့ သူကပြောပါတယ်။

လက်ရှိစစ်ရေးတင်းမာမှုအခြေအနေအရ ပြည်သူတွေအနေနဲ့ ဆော-ကျောက်ထုလမ်းပိုင်းကို လုံးဝသွား လာခြင်းမပြုကြဖို့ ယောပြည်သူ့ကာကွယ်ရေးတပ်ကထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်ထဲ တင့်ကား၃စီးပါဝင်တဲ့ စစ်ယာဉ်တန်းဖြတ်သန်းခဲ့ ပြီး ဘုတလင်မြို့အဝင်နဲ့ အထွက်တို့မှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။