အာဆီယံအထူးသံတမန် ခရီးစဉ်ပျက်တာ ဘာကြောင့်လဲ?

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။

နိုင်ငံရေးသိက္ခာမရှိတဲ့ စစ်အုပ်စုရဲ့ ဗလောင်းဗလဲ နိုင်မှုတွေကြောင့် အာဆီယံအထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို စီစဉ်ထားပြီးမှ ဖျက်လိုက်တာဖြစ်နိုင်တယ်လို့ နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံတမန်အီရာဝန် ယူဆွတ်ဟာ ဒီနေ့မွန်းလွဲပိုင်းမှာ နိုင်ငံရေးပါတီအ ချို့နဲ့ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးဖို့ချိန်းဆိုထားပြီးမှ ပျက်ပြယ်သွားခဲ့တာပါ။

ဆွေးနွေးပွဲပျက်ရခြင်းအကြောင်းကို မသိရသေးပေမဲ့ အထူးသံတမန်မြန်မာနိုင်ငံသို့လာမယ့်အစီအစဉ် ကို လေယာဉ်ပေါ်တက်ခါနီးနောက်ဆုံမိနစ်ကျမှ ဖျက်လိုက်ကြောင်း အာဆီယံ သံတမန် အသိုင်းအဝိုင်းကနေ သိရတယ်လို့ ဧရာဝတီသတင်းဌာနကဖော်ပြပါတယ်။

‘စစ်အုပ်စုကသူတို့ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးမှာလိုလို၊မပေးဘူးလိုလိုနဲ့ ယူဆွတ်ကိုမျှားပြီး အမြတ်ထုတ်ဖို့ကြံတယ်ထင်ပါတယ်။ ‘လို့ နိုင်ငံရေးဆောင်းပါးရှင်ကဆိုပါတယ်။

အာဆီယံအထူးသံတမန် တွေ့ခွင့်ရမယ့် နိုင်ငံရေးပါတီတချို့ဆိုတာလည်း စစ်အုပ်စုအလိုကျ ပါတီတွေ သာဖြစ်ပြီး အထူးသံ တွေ့ချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်မပြောနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တွေကိုပင် တွေ့ခွင့်ပြုဟန်မတူဘူးလို့ သူကဆက်ပြောပါတယ်။

အထူးသံတမန်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမယ့် နိုင်ငံရေးပါတီ ၈ ပါတီ ထဲမှာ ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)နဲ့ သူရဦးရွှေမန်း ဦးဆောင် တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ပါဝင်တယ်လို့သိရပါတယ်။

‘အခု အာဆီယံကိုယ်စားလှယ်နဲ့ပေးတွေ့မယ့် နိုင်ငံရေးပါတီတွေဟာ စစ်တပ်လူသက်သက်ပါ။ အခွင့်အရေးသမားတွေသာဖြစ်ကြတယ်’လို့ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အဲဒီပါတီတွေဟာ ၂၀၂၀ရွေးကောက်ပွဲတုန်းက မဲဆန္ဒနယ်တစ်ခုမျှပင် အနိုင်မရခဲ့တဲ့ပါတီတွေများပြီး ပြည်ခိုင်ဖြိုးပါတီဆိုတာ မဲမနိုင်လို့ရှုံးမဲမဲပြီး စစ်တပ်ကိုအာဏာသိမ်းဖို့ မီးထိုးခဲ့တဲ့အကြောင်း အထူးသံတမန်သိ လောက် မယ်လို့လည်း သူကပြောပါတယ်။

‘အာဆီယံ မူ ၅ ချက် ကို စကစက လက်ခံပါ့မယ်ပြောထားပြီး တာဝန်မှမယူတာ။ အခု နိုင်ငံရေးပါတီတချို့နဲ့ ဆိုတာကိုက လှည့်ဖျားမှုတစ်ရပ်ပဲလို့ အာဆီယံကယူဆပုံရတယ်။ သူတို့တောင်းတဲ့အထဲ အန်တီ(ဒေါ်အောင်ဆန်းစုကြည်)နဲ့တွေ့ခွင့် စကစက မပေးလို့ မလာတာပါပဲ’လို့ သူကဆက်ပြောပါတယ်။

စစ်အုပ်စုနဲ့ပတ်သက်ပြီးအာဆီယံလည်း စိတ်ပျက်နေပုံပေါ်လာတယ်လို့လည်း ဆိုပါတယ်။

‘သူ့ပုခုံးပေါ်က အထုပ်ကို UN ဆီပြန်တင်လိုက်ရင်လည်း ခပ်ကောင်းကောင်းပဲ။’လို့သူကဆက်ပြော ပါတယ်။

အထူးသံတမန်အနေနဲ့ မြန်မာအရေးကိုကြားဝင်ညှိနှိုင်းနိုင်ဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်၊အမျိုးသားညီညွတ်ရေးအစိုးရ စတဲ့ ဘက်အသီးသီးနဲ့တွေ့ဆုံဖို့လိုအပ်ပေမဲ့ စစ် အုပ်စုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ကို လက်မခံခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရကို လည်း လက်ခံဆွေးနွေးစရာမလိုတဲ့ အကြမ်းဖက်အဖွဲ့အဖြစ် သာသဘောထားပါတယ်။

အာဆီယံအထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်လုံးဝပျက်သွားတာသေချာပါက အောက်တိုဘာ၂၆-၂၈ ရက်နေ့ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်တက်ခွင့်ရဖို့လမ်းမမြင်ဘူးလို့ နိုင်ငံရေးဆောင်းပါးရှင်က ရှုမြင်ပါတယ်။

‘အာဆီယံအထူးသံနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိရင် အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင် ကို ဖိတ်ဖို့ခက်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောထားပြီးသား။အခုယူဆွတ် မလာတာသေ ချာရင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးလို့ပဲ’လို့ သူကပြောပါတယ်။