ရီးရဲလ်မက်ဒရစ် ကွင်းလယ်တိုက်စစ်မှူး အီဒင်ဟာဇက်ကို ပြန်လည်ခေါ်ယူဖို့ ချဲလ်ဆီးအသင့်ဖြစ်

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။

ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း အီဒင်ဟာဇက်ကို ရီးရဲမက်ဒရစ်အသင်းဆီက ပြန်လည်ခေါ်ယူဖို့ အသင့်ဖြစ်နေပြီလို့ Daily Mail သတင်းဌာနက ဖော်ပြပါတယ်။

အသက် ၃၀ အရွယ် ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ချဲလ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပေါင် ၉၈ သန်းနဲ့ ပြောင်းရွှေ့ သွားခဲ့ပေမယ့် စပိန်မြေမှာ ထင်သလောက် ခြေစွမ်းမပြနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။

ဟာဇက်ဟာ ရီးရဲလ်အသင်းမှာ ကစားနေတဲ့ လက်ရှိကာလအထိ ပွဲပေါင်း ၅၁ ပွဲ ကစားပေးထားပြီး သွင်းဂိုး ၅ ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

အခုအခါ စပိန်အခြေစိုက်သတင်းဌာနတွေရဲ့ ရေးသားချက်အရ ကစားသမားရဲ့ အပြောင်းအရွှေ့အတွက် အသင်း ၂ သင်းအကြား အလွတ်သဘောဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီလို့ ဖော်ပြပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ကိုယ်တိုင်က သူရဲ့ ကစားသမားဟောင်းအနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အရင်က ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိနိုင်မယ်လို့ ယူဆနေခဲ့တာပါ။

ဒါပေမဲ့ ကစားသမားအတွက် တန်ကြေးသတ်မှတ်မှုဟာ ပြဿနာတစ်ခုအဖြစ် ရှိလာဖို့ များနေပါတယ်။

ချဲလ်ဆီးအသင်းဟာ အီဒင်ဟာဇက်အတွက် ပေါင် ၃၃ သန်းထက် မပိုတဲ့ တန်ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းကတော့ ချဲလ်ဆီးအသင်းဘက်ပေးတဲ့ တန်ကြေးထက် ပိုမိုတဲ့ ငွေပမာဏကို အလိုရှိနေခဲ့တာပါ။