သူရဘွဲ့ရတပ်ကြပ်  ပြည်သူ့ရင်ခွင်သို့ ခိုဝင်

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။

ခမရ(၅)အင်းမ၊တမခ(၆၆)က သူရဘွဲ့ရ တပ်ကြပ်ဇွဲမာန်ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်လာပြီး လွတ်မြောက်နယ်မြေသို့ရောက်ရှိ‌နေပြီလို့သိရပါတယ်။

တပ်ကြပ်ဇွဲမာန်ဟာ လောက်ကိုင်နဲ့ ရခိုင်ပြည်နယ်အတွင်း စခန်းသိမ်းတိုက်ပွဲတွေမှာ ရှေ့ဆုံးကနေ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တာကြောင့် သူရဘွဲ့ရရှိခဲ့တဲ့ စစ်သက်အငယ်ဆုံးနဲ့ တပ်ကြပ်ရာထူးရရှိခဲ့သူဖြစ်ပါတယ်။

တပ်ကြပ်ဇွဲမာန်လို သူရဘွဲ့ရရှိသူတောင် ရပိုင်ခွင့်အခွင့်အရေးတွေစွန့်ပြီး အမှန်တရားအတွက် CDM လုပ်နိုင်သေးတဲ့အတွက် ကျန်နေသေးသူတွေအနေနဲ့ စစ်အုပ်စုလက်အောက်ကနေ အမြန်ဆုံးရုန်းထွက်ကြဖို့ People’s Soldiers ရွှေ့ပြောင်းရေးဌာန တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

တပ်ကြပ်ဇွဲမာန်ဟာ လက်ဖြောင့်သေနတ်ပစ်ထူးချွန်ဆုရရှိထားသူလည်းဖြစ်ပြီး အောက်တိုဘာ၁၂ရက်နေ့က လွတ်မြောက်နယ်မြေသို့ရောက်ရှိလာသူပါ။

People’s Soldiers၊ ရွှေ့ပြောင်းရေးဌာနအနေနဲ့ အောက်တိုဘာလအတွင်း CDM ပြည်သူ့စစ်သား ၈ ဦးကို စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ရာနယ်မြေသို့ ပို့ဆောင်ပေးခဲ့ပြီး နေထိုင်စားသောက်ရေးကိုပါ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။