စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၃ နေရာမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေက ညတိုက်ပွဲဆင်နွှဲခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
မေ ၁၀ ရက်နေ့ညပိုင်းက ကလေးမြို့၊ တာဟန်းရပ်ကွက်၊စမ်းမြို့ရပ်ကွက်နဲ့ တောင်ဖီလာရပ်ကွက်တို့မှာ ညတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး CNDF နဲ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေ အထိခိုက်မရှိဘူးလို့ ချင်းအမျိုးသားအဖွဲ့ချုပ်က ဒီ ကနေ့ ထုတ်ပြန်ပါတယ်။
ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ မူးယစ်ရုံးကို ဒေသကာကွယ်ရေးပူပေါင်းတပ်ဖွဲ့ဖြစ်တဲ့ CNDF၊ PDF-Kalay၊CSS နဲ့ GRF တို့က ည ၁၀ နာရီလောက်မှာ နာရီဝက်နီးပါး သွားရောက် ပစ်ခတ်ခဲ့ကြရာ အကြမ်းဖက်စစ်သားတစ်ဦးသေပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တစ်ချိန်တည်းမှာပင် ကလေးမြို့၊ တာဟန်းရပ်ကွက် နေကြာတိုက်အနီး ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်တပ်ကို CNDF၊ PDF-Kalay၊ CSS နဲ့ GRF ပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်းခွဲပြီး ပစ်ခတ်ကြရာ စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ပါသည်။
ကလေးမြို့၊ တောင်ဖီလာရပ်ကွက် လေးထပ်ဆောင်ဝန်ထမ်းအိမ်ယာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို CNDF က ည ၈ နာရီလောက်မှာ အလစ်ငိုက် သွားရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးလောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။