“ခွေးခေါင်းချိတ်ပြီး ခွေးသားရောင်းမှာနော်”

ဟော လာပြီ လာပြီ ဒေါ်သက်ရီ မဟုတ်ဘူး၊
အခု လာတာ ထမိန်မနိုင် မိအောင်လှိုင်ပါ၊
မိအောင်လှိုင်တယောက် ဈေးဗန်းလေး ခေါင်းပေါ်ရွက်လာတာ၊
ဘာ ရောင်းမှာလဲ မေးပါအုံး၊ ထုံးစံအတိုင်းပေါ့၊
မြန်မာနည်းမြန်မာ့ဟန်၊ မြန်မာ့ဖယ်ဒရယ်ဆိုပဲ၊
မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဖယ်ဒရယ်ကို မကြာမီ
ပရိုမိုရှင်း လုပ်ပါတော့မယ်တဲ့။
မြန်မာပြည်သမိုင်းကို ဘတ်ဝဒ်ခလုတ်လေးနှိပ်ပြီး နောက်ပြန်ရစ်ကြည့်လိုက်အုံး၊ သူ့ရဲ့ ဘိုးအေကြီး ဗိုလ်နေဝင်းက ဆိုရှယ်လစ်စနစ်ကျင့်သုံးမယ်၊ ဒါပေမဲ့ အော်ရီဂျင်နယ် ဆိုရှယ်လစ်မဟုတ်ပဲ မြန်မာနည်းမြန်မာ့ဟန် ဆိုရှယ်လစ်လုပ်လိုက်တာ တိုင်းပြည်က ကမ္ဘာမှာဖွံဖြိုးတိုးတက်မှု အနိမ့်ဆုံး (အယ်ဒီစီ) နိုင်ငံဖြစ်သွားပါရော့လား၊ ဗိုလ်နေဝင်းကတော့ ‌ဆွေစဉ်မျိုးဆက်စားမကုန်အောင် ကြိကြိတက်ချမ်းသာသွားပါရော။
ဟောနောက်တယောက်၊ သက်ဦးဆံပိုင် ပဒေဿရာဇ် ဂိုဂျုပ်ဒူးကြီး သန်းရွှေတယောက်ကလည်း ဒီမိုကရေစီကို မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီဆိုပြီး လုပ်ခဲ့ပါရောလား၊ ၂၀၀၈ ခြေဥထဲကို စစ်တပ် တမတ်သား အစာသွပ်ပြီး မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီလုပ်လိုက်တာ တိုင်းပြည်ကတော့ မွဲမြဲမွဲ၊ ဒင်းတို့နဲ့အပေါင်းအပါတသိုက်ကတော့ ဆယ်သက်ဆယ်ဘဝ စားမကုန်၊ ထားမလောက် ကြွယ်ဝချမ်းသာသွားကြတာပဲ မဟုတ်လား။
ကဲ လာပြန်ပြီ ပုတက်တက် ပေစောင်းစောင်းနဲ့ မိအောင်လှိုင်တစ်ယောက် မြန်မာနိုင်ငံအုပ်ချုပ်မှုနဲ့ကိုက်ညီမဲ့ မြန်မာ့ဖယ်ဒရယ်တဲ့၊ အဝီစိရဲ့ ဟိုဘက် နှစ်မိုင်လောက်ရောက်နေတဲ့ တိုင်းပြည်အတွက်တော့ မတွေးဝံစရာ၊ သူကတော့ အခုကတည်းက ဆရာတွေထက် လက်စောင်းထက်ပြီး ဥစ္စာဓန ပေါကြွယ်ဝနေပုံများ အလီဘာဘာတောင် သူခိုးဘွဲ့စွန့်ပြီး တပည့်လာခံမလို့ လျှောက်ထားတယ်ဆိုပဲ။
နောက်အဆိုးဆုံးတစ်ခုက မိအောင်လှိုင်က သူ့ကိုယ်သူ ရေရှင်မြေ့ရှင် ဘုန်းတန်ခိုးရှင်ကြီးလို၊ သူကပေးသနားမှ တိုင်းရင်းသားကောင်လေးတွေ အာဏာအပိုင်းအစ၊ အကြွင်းအကျန်၊ အရိုးအရင်းလေးတွေ ရရမဲ့အခြေနေလို ပြောနေလိုက်ပုံများ၊ တတ်နိုင်သလောက်ပေးမယ်ပေါ့လေ၊ တိုင်းရင်းသားတွေကို နားဝင်အောင် ပြောပြဖို့လိုမယ်ပေါ့ (သူပြောမှ တိုင်းရင်းသားတွေက နားထုံ၊ နားထိုင်းတွေကိုဖြစ်လို့)၊ ပြီးတော့ ဘာတဲ့၊ ဆန္ဒနဲ့ ဘဝနဲ့ ထပ်တူမကျနိုင်ဘူးပေါ့လေ (ငမဲလုံးများ တော်ကီတွေသင်ပေးလိုက်သလားမသိ) တိုင်းရင်းသားတွေ လောဘသိပ်မကြီးနဲ့ပေါ့၊ သူတို့ပဲ ကြီးမယ်ဆိုတဲ့သဘော၊ အဆိုးဆုံးကတော့ တိုင်းရင်းသားတွေရဲ့ အသံတွေကို သေချာနားထောင်ပါ့မယ်တဲ့ ၊ ဒီနေရာမှာ ပြောချင်တာက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်လာတာဖြင့် ဆယ်စုနှစ်တစ်ခုကျော်နေပြီ၊ ပွဲတက်တဲ့ တိုင်းရင်းသားတွေကလည်း ဒီလူအဟောင်းတွေပဲ၊ စစ်တပ်ကလည်း ဒီစစ်တပ်ပဲ၊ အဲ့ဒါကို အခုမှ တိုင်းရင်းသားအသံတွေကို သေချာနားထောင်ပါ့မယ်ဆိုတော့ အရင်တုန်းက သေချာနားမထောင်ခဲ့ဘူးလို့ ဝန်ခံတာပဲပေါ့၊ ဟန်ပြသက်သက်ပဲပေါ့၊ မိအောင်လှိုင်တို့က ရှေ့ကဖုံး၊ နောက်ကပေါ် ဆိုတာချည်းပဲ။
အခုပွဲကတော့ နဲနဲဆန်းတယ်၊ ဆန်းဆိုသိပ်မကြာသေးခင်ကာလက ပင်လုံညီလာခံ စင်မြင့်ထက်ကနေ ဒေါ်‌အောင်ဆန်းစုကြည် အပါဝင် တိုင်းရင်းသားတွေကို ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသလေး ဘာလေးနဲ့ အားကြီးနဲ့ကိုပြောခဲ့တာလေ၊ အခုတော့ “အားလုံးကို ကျနော်ကိုယ်တိုင် တွေ့ပါမယ်” ဆိုတော့ သူ့မျက်နှာ၊ သူ့‌ခေါင်းကြီး သေချာထွက်ပြမှာပေါ့၊ အဲ့ဒီတော့ ခွေးခေါင်းချိတ်ပြီး ခွေးသားရောင်းပါ့မယ် ကြော်ငြာတာပဲပေါ့၊ အဲ့ဒီမှာလည်း၊ အော် ခွေးခေါင်းဆိုတာဒါကိုး၊ ခွေးသားဆိုတာဒါကိုးဆိုပြီး အူချင်ယောင်၊ အချင်ယောင်ဆောင်ပြီး အလံရှူး အိမ်ဖြည့် တိုင်းရင်းစား အဖွဲ့အချို့ကလည်း “အဆင်သင့်ပဲဟေ့” ဆိုတဲ့ သီချင်းလေးငြီးကြလို့၊ တချို့ကလည်း ဝဏ္ဏ‌ဖော်ဆင်ဘွဲ့နဲ့စရံချထားပြီးပြီဆိုတော့ မဖြစ်မနေ တက်ရတော့မှာပေါ့၊ ဒါကြောင့် မိအောင်လှိုင်တို့ ကမ်းတက်နေတာလဲ မပြောနဲ့။
ဒါတင်ဘယ်ကလဲ၊ အခုတလော ဒင်း ကံတက်နေပုံများ၊ ကြည့်လိုက်အုံး၊ မြန်မာလူမျိုးတို့ရဲ့ ရိုးရာသင်္ကြန်တကယ့်ပွဲကြီးကို ဒင်းက စည်အောင်လုပ်မယ်ဆိုကာမှ ပြည်သူတွေက ဆိုင်းလန့်စရိုက်ကိုမခိုင်းပါပဲ ပြည်လုံးကျွတ်လုပ်သွားလိုက်ကြတာ၊ အောချယူရတယ်၊ ဟော ပြီးတော့ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ နတ်ပွဲ၊ မျက်လှည့်ဝိုင်းတောင်မကျန် စိတ်ဝင်စားတဲ့ ကိုယ်တွေလူမျိုးက ရုပ်ရှင်ရုံတွေပြန်ဖွင့်ပြီး မြူဆွယ်တာကို သောက်ဖက်ကိုမလုပ်တာ၊ ဟိုရုပ်ရှင်ရုံထဲမှာ ပိတ်ကားနဲ့ ထိုင်ခုံပဲရှိလို့ ရုံတွေပြန်ပိတ်ရတော့မယ်တဲ့၊ အောင်မြင်နေပုံများ။
ဒီထက်ဆိုးတာကတော့ မိအောင်လှိုင်တယောက် ဘူးလက်နဲ့သွားပေါင်းမိလို့ မရှိတဲ့အရှက် ဗျန်းဗျန်းကွဲပါရော့လား၊ ဘူးလက်ဆိုတာက သမီးအရင်းကိုတောင် ကြေးထပ်ပြီး အလောင်းအစားလုပ်တဲ့သူလေ၊ ရှုံးတော့လဲ မပေးပါဘူး၊ နိုင်တဲ့သူတွေကလည်း မယူပါဘူး ၊ နောက်မို့ဆို ဘူးလက် ပေါက်စတွေ၊ ဘူးလက်ပိစိကွေးတွေ နောက်ထပ်ဘူးလက် အမျိုးယုတ်လေးတွေ ပွားလာပြီး တိုင်းပြည်ကိုဒုက္ခပေးမှာစိုးလို့၊ ဘူးလက်မှာ ကျည်ဆံဆိုတဲ့ အဓိပ္ပါယ်အပြင် နောက်တမျိုးရှိသေးသပ၊ ဘူးလက် ဘက်လူးတဲ့၊ လူးတဲ့နေရာမှာ ဟိုဘက်ဒီဘက်အရမ်းလူးတဲ့ ဆိတ်လစိ့‌တောင် အလေးသုံးခါပြုသွားရတယ်၊ ကြည့်လေ ဒေါ်အောင်ဆန်းစုကြည် ခေတ်တုန်းကလည်း ဒေါ်စုကို ပုဝါလေး လက်ဆောင်ပေး၊ မျက်လွှာလေးချ၊ ကျနော်မျိုးမှားပါတယ် ၊အမကြီး ခိုင်းချင်ရာခိုင်းပါဆိုပြီး ယိုကျိုးပိပြားတဲ့ ရုပ်ကလေးနဲ့ ဖြစ်ခဲ့ပုံများ။ အဲ့လိုလူမျိုးကိုယုံပြီး မိအောင်လှိုင်က ဘူးလက်ရဲ့ အမ်မာတီဗွီအက်ပလီကေးရှင်း ဖွင့်ပွဲကြီးမှာ ဖန်ဘောကြီးကိုပွတ်ပြီး မိန့်မိန့်ကြီး ဖွင့်ပေးလိုက်တာ နောက်နေ့လည်းကျရော အဲ့ဒီအက်ပလီကေးရှင်းကြီးက သုံးလို့မရတော့ဘူးတဲ့။
မနေ့ကပဲ ဘာညာသာရကာ ဖော်ရှောတွေကို သင်ပေးထားတဲ့အတိုင်း ရွှီးခဲ့တဲ့ မိအောင်လှိုင်တယောက် မရှိတဲ့သောက်ရှက်တွေ ဗျန်းဗျန်းကွဲပါရောလား၊ ဒါတင်မကသေးဘူး၊ ဟို ရေသိုက်ကလာတဲ့ ခြေရူပါဦးဆိုတဲ့ တပ်လောဘီလေးက ဝင်မလိုက်သေးပါသကော၊ ရေသိုက်ကဆိုလို့ ရေနဂါးမင်းသမီးတို့ ရေသူမတို့ ဝင်စားတယ် မထင်လိုက်နဲ့အုံး၊ ရေသိုက်ဆိုတာ ရိုက်သေကိုပြောတာ၊ သူနဲ့တွဲရိုက်ရင် သေကုန်ကျလို့ ၊ ရိုက်သေ ရေသိုက်ဖြစ်သွားတာ၊ ဒင်းလေးကလည်း အဲ့ဒီကြော်ငြာဆိုင်းဘုတ်နဲ့ တွဲရိုက်လိုက်တာ အဲ့ဒီအက်ပလီကေးရှင်းလဲ တခါတည်း လစ်သွားပါပေါ့၊ အစွမ်းထက်‌နေပုံများ။
လူတွေကတော့ထင်ကြမယ်၊ ဘူးလက်ကြီး တင်းနေပြီတို့ဘာတို့ ၊ တကယ်တော့ ဘူးလက်က မိအောင်လှိုင်ရှေ့မှာတော့ လက်သီးဆုပ်၊ အံကြိတ်ပြီး ၊ ဗီဇာသာရလို့ကတော့ အဲ့ဒီ ဂူဂဲလ်တို့ အယ်ပယ်လ်တို့ ရုံးရှေ့သွားပြီး ဗုံးနဲ့ထုပလိုက်မယ်ဆိုပြီး ကြုံးဝါးပြနေမှာ၊ စိတ်ထဲမှာတော့ ငါနောက်ထပ် ပရောဂျက်အသစ်လေးတွေ ထပ်တောင်းလို့ရပြီ၊ ကျေးဇူးပါ ဂူဂဲလ်နဲ့အယ်ပယ်လ်ရယ်ဆိုပြီး ကြိတ်ပျော်နေလောက်ပြီ။
ဒါပေမဲ့ ငမဲလုံးနဲ့ ဗြောင်လိမ်‌ဗြောင်စား အဖွဲ့များကလည်း ခေသူများမဟုတ်လေ၊ သူတို့အက်ပလီကေးရှင်းကြီးကို ဟက်ကာတွေက ဘယ်လိုဝိုင်းတိုက်ကြတယ်ပေါ့ ၊ ဒါ့ကြောင့်ခဏရပ်ထားပါတယ်ပေါ့ ၊အခုလို အလွယ်တကူဖြုတ်ချလို့မရအောင် ပိုပြီးကြီးကျယ်ခိုင်မာတဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပူးပေါင်းလုပ်ဆောင်ပြီး မကြာခင် အက်ပလီကေးရှင်းကြီး ပြန်လာမှာဖြစ်ကြောင်း၊ သတင်းကို ချက်ချင်းထုတ်ပြန်လိုက်တယ် ၊ သူတို့ရဲ့ တမျိုးလုံးပေါင်း ခြောက်တန်းတွေကတော့ယုံကြမှာပေါ့ ၊ ပြောလို့တော့မရဘူး၊ ဘူးလက်က အက်ပယ်လ်တို့ ဂူးဂယ်လ်တို့ထက်မြင့်တဲ့ သိကြားမင်းကုမ္ပဏီတို့ ၊မာဃနှင့်ညီအကိုများ နတ်ပြည်ရှစ်ထပ် ဝက်ဆိုဒ်တွေဘာတွေနဲ့များ သွားညှိနေပြီလားမသိ၊ သေချာတာက အရပ်ထဲမှာတော့ မိအောင်လှိုင်နဲ့ငမဲလုံးကို မိအောင်လိမ်နဲ့ ငမဲလိမ်အဖြစ် နာမည်သစ်များ ပေးအပ်ထားပြီ ဖြစ်ပါကြောင်း။
နွေဦးဂျိုကာ