မင်းအောင်လှိုင် လိမ်ညာပြုလုပ်မယ့် ရွေးကောက်ပွဲကို ချေဖျက်နိုင်ဖို့ ယာယီသမ္မတ လမ်းညွှန်

အခုကာလဟာ မင်းအောင်လှိုင် လိမ်ညာပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံရေးနဲ့စစ်ရေး ၂ ခုစလုံးနဲ့ ချေဖျက်နိုင်အောင် ပြင်ဆင်ရမယ့် အရေးကြီးတဲ့အချိန် ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝးမှာ ယာယီသမ္မတက အဲဒီလို ပြောကြားခဲ့တာပါ။
‘ဒါဟာ သက်ဆိုင်ရာဌာနအားလုံးက တာဝန်ရှိတာဖြစ်ပါတယ်။ မိမိတို့အနေနှင့် MOD (NUG ကာကွယ်ရေးဝန်ကြီးဌာန) မဟုတ်တဲ့အတွက် မလိုအပ်ဟုမတွေးဘဲ အစိုးရတစ်ခုလုံးက မင်းအောင်လှိုင်နှင့် စစ်အုပ်စုအား ချေမှုန်းဖို့ အဓိကဖြစ်သည့်အတွက် ဌာနအားလုံး စည်းရုံးပေးရမယ်၊ လူထုကိုအသိ ပေးရမယ်၊ အားပေးရမှာဖြစ်တယ်’ လို့ ယာယီသမ္မတက ပြောပါတယ်။
အခုအခါ PDF တပ်ရင်း ၂၅၇ ရင်းလောက်ရှိပြီဖြစ်ပြီး NUGကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပါဝင်နေတဲ့ Local PDF ၅၀၀ လောက်ရှိလာပြီလို့လည်း ဆိုပါတယ်။
‘ဒီ့ထက်ပိုပြီးလည်း chain of commend တွေကောင်းကောင်း ရအောင် ဒါ့အပြင် တစ်ဆင့်တက်ပြီး ရန်သူကိုခြေမှုန်းသိမ်းပိုက်နိုင်ဖို့ ပြင်ဆင်ကြရမှာဖြစ်ပါတယ်’ လို့ သူက ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကိုယ့်ဘက်က အားသာမှုရှိလာလေ သူ့ဘက်က ယုတ်မာရိုင်းစိုင်းမှုတွေ အစွမ်းကုန်လုပ်တာဖြစ်လာမှာမို့ သက်ဆိုင်ရာဝန်ကြီးဌာန တွေအနေနဲ့ အဘက်ဘက်ကနေ ကြိုတင်ကာကွယ်နိုင်အောင် လုပ်ဆောင်ပေးနိုင်ဖို့ အရေးတကြီး လိုအပ်တယ်လို့ ဆိုပါတယ်။
‘အခုဆိုရင် စစ်ကိုင်းဘက်မှာ ရွာတွေကို မီးရှို့နေတာ နေ့စဉ်ရက်ဆက် ဖြစ်နေပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နည်းလမ်းရှာပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ အမြန်ကြိုးစားပေး စေချင်ပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့အတွင်းမှာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေလည်း ဖော်ဆောင်နေတာ အတော်လေး အားကောင်းလာပြီဆိုပေမယ့် မြေပြင်အဖွဲ့အစည်းတွေ ဒီထက်ပိုပြီး အချိတ်အဆက်ရှိရှိ လုပ်ဆောင်သွားနိုင်ဖို့တွေလည်း လိုအပ်နေသေး တာအမှန်ပါ’ လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။