ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့ လူနေရပ်ကွက်တွေထဲကို အကြမ်းဖက်စစ်တပ်က ဒီနေ့မနက် ၉ နာရီခွဲကျော်ကစပြီး လက်နက်ကြီးနဲ့ ပစ်နေတယ်လို့ သိရပါတယ်။
မိုးဗြဲမြို့အနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ် ခမရ (၄၂၂-မိုးဗြဲ) တပ်ကနေ မိုးဗြဲမြို့ထဲကို ၁၀ မိနစ်ဝန်းကျင်ခြားတစ်ကြိမ် ပစ်ခတ်နေခြင်းဖြစ်ပြီး ၁၁ နာရီမိနစ်၂၀ မှာ လက်နက်ကြီးအလုံး၂၀ ပစ်ခတ်ပြီးပြီလို့ Mobye Rescue Team ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
‘ဘာ့ကြောင့်ပစ်သလဲဆိုတာ ကျွန်မတို့လည်း အတိအကျမသိဘူး။ လက်နက်ငယ်သံတွေလည်း မကြားရဘူး။ တိုက်ပွဲဖြစ်တာမျိုးလည်းမရှိဘဲနဲ့ လူနေရပ်ကွက်တွေထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်နေတာ’ လို့ သူကပြောပါတယ်။
လက်နက်ကြီးကျည်တွေဟာ မိုးဗြဲမြို့၊ စည်ကား-၁ ရပ်ကွက်ထဲကို ကျရောက်နေပြီး တစ်ဦးဒဏ်ရာရထားတယ်လို့ သိရပါတယ်။
‘လက်နက်ကြီးထိပြီး ဒဏ်ရာရတဲ့သူကို မိုးဗြဲနာရေးအဖွဲ့က ဆေးကုသဖို့ ကူညီပေးတယ်လို့ သိရတယ်။ အိမ်ဘယ်နှလုံးပေါ် လက်နက်ကြီးကျည်ကျသလဲဆိုတာ အခုလောလောဆယ်ထိ မသိရသေးဘူး။ ဒဏ်ရာရလို့ ကျွန်မတို့ အဖွဲ့ကို ဆက်သွယ်တာတော့ အခုထိမရှိသေးဘူး’ လို့ သူကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မိုးဗြဲမြို့ထဲကို လက်နက်ကြီးနဲ့ပစ်နေတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်အပြင် မထွက်ကြဖို့နဲ့ လက်နက်ကြီးထိမှန်လို့ ဒဏ်ရာရရှိပါက Mobye Rescue Team ဆက်သွယ်ဖို့ ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ Mobye Rescue Team က ထုတ်ပြန်ထားပါတယ်။
ပုံစာ-ဖေဖေါ်ဝါရီလအတွင်း စစ်တပ်က တင့်ကားနဲ့ပစ်ခတ်မှုကြောင့်မိုးဗြဲမြို့သူတစ်ဦး ခြေထောက်ပြင်းထန်ဒဏ်ရာရရှိခဲ့ပုံ